Tuesday, November 10, 2009

မြန်မာလို နေချင်တယ်။

ခုတလော ဘာရောဂါထနေမှန်း မသိဘူး။ ရုံးသွားကာနီး အ၀တ်အစားရွေးရင် မြန်မာလို တော်တော်ဝတ်ချင်နေတယ်။ ပြီးခဲ့တဲ့ လက မြန်မာပြည် ခဏပြန်ဖြစ်တော့ ဘာရယ်မဟုတ် ရှမ်းရင်ဖုံးလေးတွေ ၀ယ်လာမိတယ်။ ဒီမှာတရားပွဲသွားတာလောက်က လွဲပြီး ၀တ်စရာ လမ်းလည်း သိပ်မရှိပဲနဲ့။ မှတ်မှတ်ရရ ၀မ်းဆက်လည်း နှစ်စုံ သုံးစုံ ချုပ်လာဖြစ်သေးတယ်။ လူက နည်းနည်း ၀ချင်လာလို့ ချပ်ချပ်ရပ်ရပ်ရှိမယ့် မြန်မာ ၀တ်စုံဝတ်ချင်လာတာလည်း ဖြစ်နိုင်တယ်။ ဘောင်းဘီရှည်တွေ ဆိုဒ်မတော်လို့ ခဏခဏ အသစ်ဝယ်ရတာ မုန်းလာတာလည်း ပါမယ်ထင်တယ်။ နက်ပြာရောင် ၀မ်းဆက်လေး ၀တ်လိုက်ရင် လူက နည်းနည်းသေးသွားသလို ထင်ရတာကြောင့်လည်း ဖြစ်လိမ့်မယ်။

တခါတလေလည်း စတိုင်ပန်နဲ့ တွဲပြီး ရှမ်းရင်ဖုံးလေးတွေ ၀တ်ဖြစ်တယ်။ အပေါ်က တစ်ထပ် အမြဲတမ်းဝတ်ထားတော့လည်း ဘာဝတ်ထားမှန်းတောင် သိကြမယ် မဟုတ်ပါဘူး။ တရက်လောက်တော့ ချုပ်လာတဲ့ ၀မ်းဆက်ကို ၀တ်သွားဦးမယ် စိတ်ကူးတယ်။ သောကြာလို နေ့မျိုးဖြစ်ဖြစ်ပေါ့။ ပုဝါခြုံလည်း ဒီက ပျော့ပျော့ပါးပါးလေးတွေကို အရင်ကကြိုက်ပေမယ့် အခု မေမြို့က ၀ယ်လာတဲ့ ထူထူထဲထဲ အဘွားကြီး ဒီဇိုင်းတွေကို ပိုခြုံဖြစ်နေတယ်။

မနက်တိုင်း မြန်မာ ၀တ်စုံတွေကို ဘီရိုထဲက ထုတ်ထုတ်ပြီးမှ စိတ်ထဲက ဝေခွဲမရပဲ တခြားဟာတွေ ၀တ်ဝတ်သွားမိနေတယ်။ ရုံးကလည်း အကြီးကြီးလည်း မဟုတ်ပါဘူး။ ယူနီဖောင်းလည်းမရှိပါဘူး။ ဘာလို့ ကိုယ်ဝတ်ချင်တာ မ၀တ်ရဲရတာလဲလို့လည်း တွေးတွေးနေမိတယ်။ တကယ်တော့ အများကြားထဲမှာ တယောက်တည်း ထူးထူးခြားခြားကြီး ဖြစ်မနေချင်တာပါ။ ဒါပေမယ့် ၀တ်ချင်တဲ့ ဆန္ဒတော့ တော်တော်ကို ပြင်းပြနေတယ်။

နေ့လည်စာစားလည်း နှစ်ဘူတာလောက် ရထားစီးပြီး ပနစူလာမှာ သွားစားချင်နေတယ်။ တကယ်တမ်းတော့ မစားဖြစ်ပါဘူး။ ရုံးကလူတွေနဲ့ တဖွဲ့ကြီး သွားရတာ အလေ့အထလို ဖြစ်နေတော့ ငါ့ဘာသာငါ သက်သက်သွားမယ် ပြောရမှာ တမျိုးကြီးဖြစ်နေတယ်။ လိုက်လိုက်သွားပြီး စားနေကျတွေ စားတာကိုပဲ စိတ်ထဲ မစားချင်ပဲဖြစ်နေတယ်။ သူတို့လည်း တခါခေါ်သွားပြီး ဧရာဝတီမှာ ကြေးအိုးဆီချက် လိုက်ကျွေးဖြစ်သေးတယ်။ ဒါပေမယ့် အပြင်ထွက်ကာနီး ဆိုင်ရွေးရင် တရုပ်ဆိုင်ပဲ ဖြစ်ဖြစ်နေတာ များတယ်။ အလုပ်ပါးတဲ့ ရက်များဆို ၀ူလန်း၊ ကလန်းမန်းတီး၊ တျုံ ဘာရူလောက်ထိ သွားစားဖြစ်ပေမယ့် ပနစူလာသွားစားကြဖို့ကို ဘာရယ်မသိ ပြောမထွက်ဖြစ်နေတယ်။

စကားပြောလည်းနေ့တိုင်း တရုပ်သံတွေပဲ ကြားနေရကျ အင်္ဂလိပ်လိုပဲ ပြောနေကျကနေ မြန်မာလို အားရပါးရ စကားပြောချင်နေတယ်။ နားလည်တချက် မလည်တချက် စကားတွေကို နားထောင်စဉ်းစားနေရတာကို ညည်းငွေ့လာတာလည်း ပါမယ်။ ရုံးကလူတွေနဲ့လည်း အဆင်ပြေပါတယ်။ စိတ်ဓာတ်ပြည့်တဲ့ သူတွေနဲ့ အလုပ်လုပ်ရတာ စိတ်ချမ်းသာပေမယ့် ကိုယ်နဲ့ စိတ်တူကိုယ်တူ အတွေးတူ အကျင့်တူ မြန်မာ တစ်ယောက်လောက် အလုပ်ထဲ ရှိစေချင်သလိုဖြစ်နေတယ်။

နေ့လည် ထမင်းစားတုန်းမှာ မြန်မာတွေနဲ့ စကားထိုင်ပြောချင်တယ်။ မြန်မာထမင်းဟင်းနဲ့ နေ့တိုင်းစားချင်နေတယ်။ မြန်မာလို ၀တ်ပြီးတော့ပေါ့။ အီးမေးလ်ရေးရင်လည်း မြန်မာလို ရေးချင်တယ်။ ရုံးက Things To Do List ကိုတောင် မြန်မာလို ရေးထားဖြစ်တယ်။ အီးမေးလ်တွေကိုလည်း မြန်မာလို ဖတ်ချင်တယ်။ သတင်းစာဖတ်လည်း မြန်မာလိုဖတ်ချင်တယ်။ ရုံးမှာလည်း တခါတခါ မြန်မာလို ယောင်ယောင်ပြီး ထွက်ထွက်သွားတတ်သေးတယ်။ အဲဒါကြောင့် ပြောတာပါ။ ခုတလော မြန်မာရောဂါထနေပါတယ်လို့။ မြန်မာပြည်ပြန်ပြီး မုန့်ဟင်းခါးပဲ သွားရောင်းစားရင် ကောင်းမလားလဲ ဟိုတလောက စဉ်းစားနေမိသေးတယ်။ မြန်မာပြည်က ပြန်လာတာ မကြာသေးလို့ အနာမကျက်သေးတာလည်း ဖြစ်ချင်ဖြစ်မယ်။ အင်း...

Sunday, September 6, 2009

Back from Virtual World

ဂိမ်းတွေကို မဆော့တော့ပါဘူးလို့ အကြိမ်ကြိမ် ဆုံးဖြတ်တယ် အကြိမ်ကြိမ် ပြန်ဆော့တယ်။ အကျင့်ကို မကောင်းဘူး။ ညနက်နက်သွားလို့ ရုံးနောက်ကျတာလဲ ခဏခဏ။ မန်နေဂျာက သဘောကောင်းလို့သာ တော်တော့တယ်။ သဘောကောင်းဆို သူ့မိန်းမကလည်း ကိုယ့်ဆော့တဲ့ဂိမ်းဆော့သကိုး။ ငါ့မိန်းမကို Add လိုက်ပါဦး ဆိုတော့ ကိုယ်က ဆန့်ငင် ဆန့်ငင်ဖြစ်သွားတယ်။ ညည ဂိမ်းတွေဆော့ပြီး နောက်နေ့ MC ယူရင် မိတော့မှာကိုး။ အဲဒါနဲ့ သူ့မိန်းမရှိတဲ့ ဂိမ်းတစ်ခုတည်း မကစားတော့ပဲနဲ့ Face Book မှာ ဂိမ်းတွေ ဖြန့်ကစားရတယ်။ တမျိုးတည်း ဖိကစားနေရင် ရိပ်မိမှာစိုးလို့။ အလုပ်ကောင်းတွေ လုပ်နေတာ။

အွန်လိုင်းဆော့တဲ့ အပြင် Virtual Family နဲ့ ကလေးတွေမွေးထားသေးတယ်။ အစားအသောက်ဝယ်ပေးရ။ အိမ်ကို ပြုပြင်ရ မွေးထားတာတွေ နေမကောင်းရင် ဆေးကုရ။ စာလုပ်ကြရင် လိမ္မာရင် ချီးကြူးရ။ မတော်တာလုပ်ရင် ဆုံးမရ။ ဟိုဟာ ဒီဟာ ၀ယ်ပေးရ။ ခြံရှင်းရ ခြံထဲက Collectables တွေ လိုက်ကောက်ရောင်းရ အိုအလုပ်ကို ရှုပ်နေတာပါပဲကွယ်။

ယောက်ျားကလည်း သိပ်ကြည့်မရတော့ဘူး။ စနေတနင်္ဂနွေဆို ဂိမ်းထဲက မထွက်လို့။ သူငယ်ချင်းတွေဆိုလည်း ဖုန်းပြောဖို့တောင် သိပ်စိတ်မပါ။ ဂိမ်းထဲမှာပဲ ဘ၀ကြီးကို နှစ်ထားသလို ဖြစ်နေလို့ သူငယ်ချင်း အရင်းခေါက်ခေါက်တွေလည်း ဆဲကုန်ကြပြီ။ ဒါလည်း ဆော့တာပဲ။ ဟိုနားဒီနား သွားဖို့ အပြင်ထွက်ဖို့တောင် စိတ်မကူးနိုင်။ စိုက်ထားတဲ့ အခင်းတွေ ပျက်စီးကုန်မယ်။ သူများခြံမှာ အငှားလိုက်လုပ်မှ ပွိုင့်က မြန်မြန်တက်မှာ မွေးထားတဲ့ Pet ကို ပစ္စည်းများများ ၀ယ်ပေးနိုင်အောင် များများဖိဆော့မှ။ စားသောက်ဆိုင်ကလည်း ပစ်ထားလို့ မရဘူး။ အလုပ်သမားတွေ Energy ကျကုန်ရင် ပစ်လဲကုန်ကြမှာ။ အို အရူးတပိုင်းကို ဂိမ်းကိုဆော့နေတာ။ သတင်းပလင်း ဘလော့ဂင်းလည်း ပစ်သာထား ဂိမ်းကို အရင်ဖွင့်ရမှ။

အကျိုးဆက်ကတော့ ရုံးမှာလည်း တနေကုန်ထိုင် အိမ်ပြန်ရောက်လည်း ဆက်ထိုင်နဲ့ လူက လေးလံကိုက်ခဲ ညောင်းညာလာတာပဲ။ အမယ်ကြီးအိုလို ဟိုနားက ကိုက်သလိုလို ဒီနားက နာသလိုလို။ ခေါင်းကိုက်တတ်တဲ့ အကျင့်လည်း ရလာတယ်။ မျက်လုံးကလည်း ပိုမှုန်လာတယ်။ အထိုင်များတော့ ၀မ်းကလည်းချုပ်။ မီးချောင်းအောက်မှာပဲ နေတာများတော့ မျက်လုံးကလည်း အလင်းရောင် မကြည့်နိုင်။ အပြင်လောကနဲ့ အထိအတွေ့နည်းလာတော့ နေနည်းနည်းပူလည်း မခံနိုင် လေနည်းနည်းတိုက်လည်း ချမ်းစိမ့်စိမ့်။ မိုးနည်းနည်းများမိရင် ဟပ်ချိုးကအရင်။

မဖြစ်တော့ဘူး ဒီအတိုင်းဆို မဖြစ်တော့ဘူး။ စိတ်ကတော့ သိနေလည်း လူကကွန်ပျူတာနားက မခွာနိုင်။ ခန္ဒာကိုယ်က လုံးဝငြင်းဆန်မှပဲ ရပ်ဖြစ်တော့တယ်။ လူက ဘယ်အရပ်ဒေသရောက်ရောက် အိပ်တယ်။ ရထားပေါ်မှာ မှတ်တိုင် အမြဲကျော်ကျော်ပါတယ်။ ကားဆို အင်တာချိန်းရောက်မှပဲ ဆင်းတာများတယ်။ ရုံးကပြန်လာလို့ လွယ်အိပ်ပစ်ချပြီးရင် လူပါ အ၀တ်အစားတောင် မလဲနိုင်ပဲ အိပ်ပျော်သွားတဲ့ နေ့တွေတောင် ရှိလာတယ်။

အဲလို ဂိမ်းနဲ့ နည်းနည်းဝေးသွားပြီး နည်းနည်း လူနဲ့သူနဲ့ ပြန်တူလာမှ ကမ်းခြေဘက်ကို တရက် စက်ဘီးနဲ့ ထွက်ဖြစ်ကြတယ်။ အိုးလောကကြီးက ထူးဆန်းနေသလိုပဲ။ ပင်လယ်နဲ့ ရေနဲ့ သစ်ပင်နဲ့ ကမ်းခြေနဲ့ ရေလှိုင်းနဲ့ သဲပြင်နဲ့ မြက်ခင်းနဲ့။ ပြတင်းပေါက်က အပြင်ကို ကြည့်တော့လည်း နေရောင်နဲ့ မိုးရေ နဲ့ သစ်ပင်နဲ့ ငှက်တွေနဲ့ တိမ်တွေနဲ့ လရောင်နဲ့ ။ငါစနေ တနင်္ဂနွေတောင် ဒါတွေနဲ့ စိတ်အပန်းဖြေဖို့ အချိန်မရပဲ ဘာတွေလုပ်မိနေပါလိမ့် တွေးမိတယ်။ လူလည်း ချည့်နဲ့နေပြီ။

ဂိမ်းမင်းကိုတော့ တော်ဦးမှလို့ တွေးမိတယ်။ ကိုယ့်ဘလော့ကို ကိုယ်ပြန်လာလည်တယ်။ မဖတ်လိုက်ရတဲ့ ဘလော့အကြွေးတွေ လိုက်ဖတ်တယ်။ မနက်ဖြန်ဆို သူငယ်ချင်းတစ်ယောက်အိမ်ကို သွားလည်မယ်။ ၀င်းဒိုးရှော့ပင်းလည်း ထွက်ဦးမယ်။ ဘုန်းကြီးကျောင်းလည်း ကျောင်းဝယ်ဖို့ အလှူငွေ သွားထည့်ဦးမယ်။ မနက်စာကို အိမ်ရှိလူကုန်ကို နို့စိမ်းခေါက်ဆွဲ ချက်ကျွေးဖို့ အကုန်ပြင်ဆင်ထားတယ်။ ပနစူလာကိုလည်း အဆင်ပြေရင် လက်ဖက်လေးဘာလေး သွားဝယ်ဦးမယ်။ အပြင်ကို သိပ်ထွက်ချင်တဲ့ အိမ်ကလူကြီးကတော့ ပျော်မြူးနေလေရဲ့။ Virtual World မှ တခေါက်အပြန် ပေါ့ကွယ်။

Friday, June 19, 2009

အလုပ်သစ် တဲ့ အလုပ်သစ်

ရုံးအသစ်ကိုရောက်နေတာ သုံးပါတ်ပြည့်ပါပြီ ဒီနေ့နဲ့ဆို။ ရုံးအသစ်က ယိုးဒယားဈေးလို့ပြောကြတဲ့ ဂိုးလ်းဒင်းမိုင်းလ် အပေါ်ထပ်မှာမို့လို့ အရင်ရုံးလို ရထားပေါ်ကဆင်းတာနဲ့ မရောက်တာ တကြောင်း အိမ်နဲ့ပိုလှမ်းလို့ စောစောထရတာ တကြောင်း ညဘက်ဆို မျက်လုံးက ဘယ်နှယ့်မှ တောင့်မခံနိုင်ပဲ အိပ်ချင်တာ တကြောင်း ကွန်ပျူတာကို ဖော်မတ်ပြန်ချလိုက်လို့ Font မသွင်းရသေးတာ တကြောင်းနဲ့ ဘလော့ဂ်လေးကို ပစ်ထားရပါတယ်။
အရင်ရုံးတုန်းက ကိုယ့်LapTopလေး ရုံးကိုသယ်သွားတော့ အလုပ်ထွက်ချိန်မှာ အရင်ရုံးက အမှတ်တရတွေ ဘာမှ မကြည့်ချင်တာနဲ့ Personal ဖိုင်တချို့ သိမ်းပြီးတာနဲ့ စက်ကိုစိတ်နာနာနဲ့ ဖော်မတ်ချပစ်လိုက်တယ်။ ဘာမှလည်း ဆိုင်တော့ မဆိုင်ဘူး။ အဲလိုပဲ တခါတလေလည်း လူက အူကြောင်ကြောင်။ အလုပ်တွေ ရှုပ်တာပေါ့ အလကားနေရင်း အလကား။
အလုပ်အသစ်မှာတော့ သူဌေးအသစ်က LapTop အသစ်လေး တလုံး ၀ယ်ပေးပါတယ်။ ခက်တာက သူက ဗစ်စတာမှဗစ်စတာ ဖြစ်နေတာပဲ။ ပိုက်ဆံပေးဝယ်ရတာချင်းတူတူ XP ဆိုမတန်ဘူးများ ထင်လို့လားမသိ။ ကိုယ်ကလည်း အိမ်က ဗစ်စတာ တစ်လုံးတောင်မှ မသုံးတတ်လို့ အိမ်ကလူက ပါတီရှင်းခွဲပြီး XP ထည့်ပေးထားရတာ။ ငါ့ကွန်ပျူတာပဲ ငါသုံးမယ်လို့လည်း မရ။ ဒီလိုနဲ့ပဲ ဗစ်စတာနဲ့ပဲ နပမ်းသတ်ပြီး ခုတော့လည်း နည်းနည်းရလာပါပြီ။ အထားအသိုတွေက ပြောင်းနေတော့ ကိုယ်လုပ်ချင်တာ လိုက်လိုက်ရှာရတာကိုက အလုပ်တစ်ခု။
Microsoftက နောက်ထပ် အသစ်ထုတ်ရင် XP ကိုအခြေခံတဲ့ ဟာမျိုး ထုတ်မယ်လို့ အိမ်ကလူတွေ ပြောနေကြတာ နားစွန်နားဖျား ကြားတာပဲ။ သာဓုပါတော် သာဓုပါ။ တောကျတယ်ပဲ ဆိုဆို ဗစ်စတာကို မကျွမ်းကျင်ဘူး။ အဆင်အပြင်လေးလှပေမယ့်လို့ လုပ်နေကျဟာနဲ့ သက်သက်ခွဲထွက်သွားသလိုပဲ။
ရုံးအသစ်လည်းဖြစ် ထုံးစံအတိုင်း လူဟောင်းချန်သွားတဲ့ အလုပ်ဟောင်းကြွေးကျန်တွေကို ထိုင်ရှင်းနေရတဲ့အချိန်၊ ကိုယ်ကြိုက်တဲ့ ပုံစံပြန်ဖြစ်အောင် Filingကအစ ပြန်လုပ်နေချိန်၊ အဟဲ သူဌေးအသစ်ရှေ့မှာ အလုပ်ကြိုးစားပြနေရတဲ့ အချိန်လည်းဆိုတော့ ယားရင်တောင် မှတ်လာရတယ် အဟဲ။ လကုန်ရင် ၁၃လစာပေးမယ်ဆိုလို့ ကြိုးကြိုးစားစား ဖိုးသခွားလုပ်နေရတာပေါ့။
သူဌေးအသစ်က မဆိုးရှာပါဘူး အစမ်းခန့်မထားပဲနဲ့ တခါတည်းခန့်မယ်တဲ့ အဲဒါဆို ဂျွန်လကုန် ၁၃လစာပေးရင် ရအောင်လို့တဲ့။ တခုကတော့ ပုံမှန်အတိုင်း အစမ်းခန့် မရှိတော့တဲ့အတွက် သုံးလပြည့်ရင် လစာကို ပြန်မညှိတော့ဘူးတဲ့။ Annual Increment ပဲရှိတော့မယ်တဲ့။ ကိုယ်လည်း ၁၃လစာ လိုချင်တာနဲ့ ခေါင်းညိတ်လိုက်ရော။ အိမ်ကျတော့မှ ငတုံးရဲ့တဲ့ အခုမှဝင်တဲ့ လူကို၁၃လစာပေးလည်း ဘယ်သူက အပြည့်ပေးမှာလဲတဲ့ အခုမှ အလုပ်ဝင်တာ တစ်လရှိသေးတာ ၁၂လနဲ့စားပြီးမှ ပေးမှာပေါ့တဲ့။ အဟီး ညံ့တာ ဟုတ်ပ ငါ့နှယ့်ပေါ့။ အဲဒါနဲ့ ပေါက်တဲ့ နဖူးမထူးပါဘူးဆိုပြီးတော့ သူဌေးများ စိတ်ပြောင်းပြီး တလစာ အပြည့်ပေးလို့ ပေးညား အလုပ်ကြိုးစားနေရတာပေါ့။
ဒါပေမယ့် တခုကောင်းတာက ညနေပြန်ရင် ယပလက်ဈေးကနေ ဇရစ်ရိုးလေး ၀ယ်လာလိုက် အချဉ်ဆီပြန်ချက်လေး ချက်စားလိုက်၊ ဆူးပုပ်ရွက်လေး ကြက်ဥနဲ့ကြော်လိုက်၊ ရှမ်းနံနံလေး နဲ့ ငါးအိုးကပ်လေး ချက်လိုက်နဲ့ စမတ်ကို ဂွမ်နေတာပဲ။ ကြက်ဖင်ဆီဗူးဆိုလည်း ဒီစလုံးမှာ အဲဒိ ယပလက်ဈေးပဲ တွေ့ဖူးတာ။ ဒါလည်း အဂျစ်က ကြိုက်တယ် တခါတလေ ၀ယ်ကျွေးရတယ်။ ကျန်းမာရေးနဲ့ မညီမှန်းသိပေမယ့် တခါတလေတော့ စားပါစေပေါ့။ အမှန်က ကိုယ်က ပိုကြိုက်တာ။ ကိုယ့်ရုပ်ကိုယ်ကြည့်ပြီး လန့်လန့်လာလို့ လျှော့နေရတယ်။
နေ့ခင်းဘက် ထမင်းထွက်စားလည်း ဂိုးလ်ဒင်းမိုင်းလ်မှာ ကြွက်လိုပဲ မြေပေါ်မြေအောက် ဟိုဘက်လမ်း ဒီဘက်လမ်း အထပ်နှံအောင် ဆိုင်တကာရှာပြီး လိုက်စားကြတယ်။ များသောအားဖြင့်ကတော့ ရိုးရိုးစားနေကျ အရသာပါပဲ။ အမယ်နည်းနည်းပိုစုံတာပေါ့။ ထမင်းဆိုင်လေး သုံးလေးခု ရှိတဲ့ ရုံးဟောင်းကနေ ဆိုင်တွေအများကြီး ရှိတဲ့နေရာရောက်လာတော့ အငတ်ကြီးလိုပဲ ဟိုဟာလည်း စားချင် ဒီဟာလည်းစားချင် ဖြစ်နေတယ်။ သရက်သီးစိမ်းလည်း လွယ်လွယ်ဝယ်လို့ ရနေတော့ မုန့်ဘိုးကတော့ တော်တော်ကုန်တယ်။ အရင်က တနေ့ကို တစ်ဆယ် သုံးဖို့ ဘက်ဂျက်မှာ ရာထားရင် အဲဒိပိုက်ဆံထဲက ကားကဒ် ဖြည့်လို့ရသေးတယ်။ ခုက ထမင်းဘိုးမုန့်ဘိုးနဲ့ကို မလောက်တော့တာ။ ဒါတောင် ရုံးအသစ်မှာ သူဌေးက မကြာခဏဆိုသလို တရုံးလုံးစာ နေ့လည်စာ ၀ယ်ဝယ်လာကျွေးလို့။ မဟုတ်ရင် မလွယ်ဘူး။

Monday, May 18, 2009

ညနေခင်းရဲ့လေပြေထဲမှာ...

ဆံပင်တွေ ဆံပင်တွေ ရေချိုးခန်းထဲမှာ။ ဆံပင်တွေ ဆံပင်တွေ မှန်တင်ခုံရှေ့မှာ။ ဆံပင် တွေ အိပ်ယာပေါ်မှာ။ အိုး နေရာတကာ ဆံပင်တွေ မြင်ရင်ကို စိတ်တွေကို ရှုပ်တာ။ မုန်းစရာကောင်းတာ။ ဒီရောက်တည်းက ကျွတ်လိုက်တဲ့ ဆံပင်။ လှည်းလိုက်ရတဲ့ ကြမ်း။ ခေါင်းလျှော်ပြီး ရေများသုတ်ပြီးရင် မျက်နှာသာ ဘာမှမတင် ရှိရမယ်။ ကြမ်းတော့ အရင် လှည်းပဲ။ မဟုတ်ရင် အော့ချင်လွန်းလို့။ ဆံပင်ဆိုတာ များကလည်း ခေါင်းပေါ်သာ လှတာ။ တခြားနေရာရောက်တော့ အတော်ရွံစရာကောင်းတာတော့။

အရင်လို အတိုလေး ယောက်ျားဆံပင်သာ ပြန်ထားချင်တော့တာ။ စိတ်ကလည်း မရှည်တတ်။ ကျောလယ်ကျော်နေတဲ့ ဒီဆံပင်ဟာ အိမ်ကလူကြောင့်ပေါ့။ တသက်လုံး ရည်းစားမထားခင် တလျှောက်လုံး ကိုယ့်ဟာကို တိုတိုအေးအေးပဲ။ သူ့ကြောင့် သူ့ကြောင့် "ညနေခင်းရဲ့လေပြေထဲမှာဘာညာ"၊"ကိုယ်ကတော့ အရှည်လေး ထားစေချင်တာ။ အတိုထားချင်လည်း သဘောပါ ဘာညာ" ညောင်ညောင်လည်း လုပ်ရော။ ဒေါ်ရွှေအိတို့ကလည်း ခပ်ပြတ်ပြတ်ပဲ။ အဲဒိကတည်းကကို မညှပ်တာ ခုကျောလည်ကို ရောက်တဲ့ထိပဲ။

ဒါပေမယ့် ခုတလော အရမ်းပူတော့ ခေါင်းချွေးတွေ တအားထွက်တာတမျိုး၊ ဟင်းချက်လို့ ခေါင်းကိုပေါင်းထားလည်း ချွေးထွက်တာက တမျိုးနဲ့ ခေါင်းက မကြာခဏလျှော်ရတော့ ဒီဆံပင်ရှည်တွေ မုန်းကိုလာတာ။ သူအိမ်မှာရှိနေရင်တော့ ကူသုတ်ပေး ကူခြောက်ပေး ဆိုတော့ မထောင်းသာဘူး။ မနက်ဘက် ရုံးမသွားခင် လျှော်ရရင်တော့ သေချင်စော်နံအောင်ကို စိတ်ရှုတ်ရတယ်။

ကလိုရင်းခပ်ထားတဲ့ စင်ကာပူဝါးတား နှိပ်စက်တာများ ကိုယ့်ဆံပင်အတော်သန်လို့သာ ကျွတ်ချက်ကတော့။ ငါ့ခေါင်းပေါ်တောင် ဆံပင်ကျန်ရဲ့လား စမ်းကြည့်ရတဲ့အထိပဲ။ ဘာခေါင်းလျှော်ရည် ပြောင်းသုံးသုံးကို မရဘူး။ စိတ်မရှည်လို့ ဘီးနဲ့ တအားဖြီးပစ်တာလည်း ပါတာပေါ့လေ။ ခုတလောတော့ စိတ်တွေ အိုက်အားကြီးလို့ ကိုယ့်ဆံပင် ကိုယ်ကပ်ကျေးနဲ့ ကိုက်ချင်စိတ် ပေါက်ပေါက်လာတာ။

တခါတလေကျလည်း မိန်းမတွေကျ ဘာလို့ ဆံပင်ရှည်ထားရပြီး သူတို့ယောက်ျားတွေကျ အေးအေးနေရပါလိမ့်လို့ ဒီတလောကလုံး အရိုးစွဲနေတဲ့ အယူအဆကြီးကို အမြင်ကပ်လာမိတယ်။ ဟွန်း။

ဝသောသူကို...

French fries တွေစားရင်တဲ့ ကင်ဆာဖြစ်တတ်တယ်တဲ့။ ဆီကြော်တွေ မစားနဲ့တဲ့။ ဟမ်ဘာဂါမစားနဲ့တဲ့ ခြေသလုံးကြီးမယ်တဲ့။ ကြက်အရေခွံ ၀က်အခေါက်တွေတဲ့ မစားသင့်ဘူးတဲ့။ ရောဂါတွေတဲ့ အဲဒိမှာစုနေတယ်တဲ့။ ဂျူံနဲ့လုပ်တွေမုန့်တွေ စားရင်တဲ့ ပိုဝတယ်တဲ့။ ညနေခုနှစ်နာရီကျော်ရင်တဲ့ ဘာမှမစားနဲ့တော့တဲ့။ ဆီတွေကို တခါချက်ကြော်ပြီင်္းရင် သွန်ပစ်တဲ့ အဆိပ်ဖြစ်တတ်တယ်တဲ့။ ထမင်းစားပြီးရင်တဲ့ အအေးတွေ Juice တွေတဲ့ ရေခဲရေတဲ့ မသောက်ရဘူးတဲ့။ ပိုဝတယ်တဲ့။ ရေနွေးကြမ်းပဲသောက်တဲ့။ ရေနွေးကြမ်းသောက်ရင် ဆားခတ်သောက်ဦးတဲ့။ ထမင်းစားပြီးပြီးချင်းတဲ့ ထိုင်မနေနဲ့တဲ့။ ဗိုက်ခေါက်ထူတယ်တဲ့။ လုံးဝသွားမလှဲနဲ့တဲ့ အိပ်ပျော်သွားရင် ဖြေဆေးမရှိတဲ့ (မှတ်ချက်။ အ၀လွန်ခြင်းအတွက်) ။ သကြားလုံးမငုံနဲ့တဲ့။ သကြားတွေတဲ့ ဗိုက်ထဲကို အများကြီး ၀င်ကုန်မယ်တဲ့။ ကော်ဖီမသောက်နဲ့တဲ့ နှို့မှုန့် နို့ဆီင်္ကြောင့် ၀တာတဲ့။ နို့မသောက်နဲ့တဲ့ အဲဒါလည်း ၀တာပဲတဲ့။ မxxxxxxxxxxxxxနဲ့တဲ့ ၀မယ်တဲ့။ xxxxxxxxxx ကိုတော့ ဝေးဝေးကရှောင်တဲ့ အဆီတက်တယ်တဲ့။ xxxxxxxxx ဆို လုံးဝကို မထိနဲ့တဲ့ ဗိုက်ခေါက်ထွက်လာမယ်တဲ့ တဲ့ တဲ့။


အိုများလိုက်တာ ၀သောသူလိုက်နာရတဲ့ စည်းကမ်းတွေ။ ၀လာရင် ဘာမှမကောင်းဘူး။ အဓိက’က စိတ်လည်းမကောင်းဘူး။ အလကားနေရင်း သူများထက် တဆင့်နိမ့်နေသလိုပဲ။ ဂျင်းဘောင်းဘီတွေ ၀တ်ရင် စိတ်ညစ်ရတယ်။ ရင်စီးအကျီလေးတွေ ၀တ်တော့ ရထားပေါ်မှာ နေရာထပေးကြတယ်။ စိတ်နာတယ်။ ၀ဖောင်းကစ်နေတဲ့ မျက်နှာကြီးကို ဖုံးဖိဖို့ ဆံပင်ကို မစီးရဲဘူး။ အစက ၀၀ကစ်ကစ်လေးဆို ချစ်စရာလေးပေါ့လို့ ပြောတဲ့သူလည်း အခုတော့ အသံတွေတိတ်လို့။ ဟွန်း။ အရင်တုန်းက သူပဲ မြှောက်မြှောက်ပေးတာ။


ဟိုက်ရှားပါး ၀လို့ လှလို့ပါလား ကနေစပြီး မေးနှစ်ထပ်ဖြစ်နေပြီနော်။ ထိန်းဦးနော်။ သိပ်တက်လာမှ ပြန်ချရတာ ပိုခက်မယ်။ ၀တာ ကျန်းမာရေးအတွက် မကောင်းဘူး။ လေ့ကျင့်ခန်းတခုခုကို မှန်မှန်လုပ်ပါလား။ ဘောလုံးနဲ့တူလာပြီ။ ၀ပြီးပြန်ကျလည်း ခဏပဲ။ အကောင်းဆုံးက ညနေစာမစားနဲ့တော့။ ယောက်ျားက ပစ်သွားဦးမယ်အထိ အမျိုးစုံ သြဘာပေးကြပါတယ်။ ဆရာဖေမြင့်ရဲ့ ကျန်းမာရေးလိုက်စားခြင်း ၀တ္တုတိုကို အရင်က ဖတ်လို့ကောင်းတဲ့ ရသစာပေအနေနဲ့ ဖတ်ဖူးတာ ဟိုတလောက တခါပြန်ဖတ်တော့ ဘာမဆိုင်ညာမဆိုင် ၀မ်းနည်းစရာ အဆွေးဇာတ်လမ်းတခုလိုမျိုး ခံစားရတယ်။


ဝမယ့်ဝလည်း ငယ်ငယ်တည်းက ၀ပါလား။ ခုလိုကြီး ရုတ်တရက်ကြီး ၀တော့ သူများ ကဲ့ရဲ့စရာ အံ့သြစရာ ဖြစ်တာပေါ့လို့ ကိုယ့်ကိုကိုယ် မုန်းမုန်းနဲ့တွေးမိပါသေးတယ်။ ကိုယ်ကလည်း ကိုယ်ပါပဲ ပိန်တုန်းကလည်း အရိုးပေါ်အရေတင် ပိန်ပြီးတော့ ၀တော့လည်း လူနောက်တစ်ယောက်ပြောင်းလိုက်သလို ရုတ်တရက်ကြီး ဆိုသလိုဆိုတော့ပြောသူများလည်း အပြစ်ဆိုလို့ မရပြန်ဘူး။ အစားအသောက် အကြောင်းရေးတဲ့ ဘလော့ဂ်တွေများ ညဘက်များ အိပ်မပျော်လို့ ဖတ်မိမှာစိုးလို့ ကိုယ့်ဘာသာကိုယ် အကြောက်အကန် ငြင်းဆန် ရတာက ရှိသေး။


မှန်ရှေ့ရောက်ရင် အရှေ့ကကြည့် ဘေးတိုက်ကြည့် နောက်လှည့်ကြည့် ဘယ်လိုကြည့်ကြည့် ၀တာက ၀တာပါပဲကွယ်။ ဘယ့်နှယ့်လုပ်ရပါ့။ ယမန်နှစ်ကိုယ်အလေးချိန် 45ကီလို ယခုနှစ် 54ဆိုသလို ဇွတ်တရွတ်ကို တက်လာတော့တာပါပဲ။ 54ဆိုတာ တော်ရုံတန်ရုံ မြင့်မြင့်မားမားဆို ပြသနာမရှိပေမယ့် ကိုယ့်လို ငါးပေ မရှိတတ် ရှိတတ်ကျတော့ အရုပ်ဆိုးတယ်ကွယ်။ လုံးတစ် တုတ်တိုနေတာပဲလို့ ငယ်ငယ်တုန်းက ကလေးဝတုတ်လေးတွေ တွေ့ရင် အသည်းယားပြီး ပြောမိတာကို သတိရသေးတော့။ သို့သော် ကလေးများသည် ၀လေ ချစ်စရာကောင်းလေ ဖြစ်ပြီး လူကြီးများသည် ၀လေ အီး…. ဟီး…. ဟီး….


တခါတလေကျတော့ သူမ၀လို့ ငါတစ်ယောက်တည်းများ သိမ်းကြုံးဝရသလားလို့ အိမ်ကလူကို မဆီမဆိုင် ဆွဲထည့်ချင်လာပြန်ရော။ ပိန်တဲ့သူများကျတော့လည်း အထက်ပါစည်းကမ်းများကို မလိုက်နာလေ ပိုပိန်လေလားလို့ နားမလည်နိုင်အောင် ဖြစ်ရပြန်ရော။ သူလည်း နည်းနည်း ၀ချင်ဝပါစေ ဆိုတဲ့ စိတ်ယုတ်လေးနဲ့ ကြက်ကြော်စားရင် သူ့ကို အရေခွံတွေ ခွာကြွေးပါတယ်။ ၀က်သားသုံးထပ်သားချက်ရင် အသားတွေ ကိုယ်စားပြီး အဆီတွေကို စေတနာရှေ့ထားစားစေပါတယ်။ သို့သော် စေတနာသည် တူသော အကျိုးကို ပေးဧ။်တဲ့။ ကိုယ်သာ ပြိုင်ဘက်မရှိ ပိုပိုဝလာတာ အဖတ်တင်ပါတယ်။


မနှစ်က ရန်ကုန်ပြန်တော့ အခင်ဆုံးသူငယ်ချင်းက တွေ့တွေ့ချင်းပြောတဲ့ စကားက “You look so Weird” တဲ့ကဲ။ အမေက သူ့သမီးကို အတုလား အစစ်လား သံသယ၀င်သလိုလို ကြည့်များကြည့်သလား ခံစားရတာကြောင့် ဒီနှစ်တော့ မပြန်ခင် လူကြုံ ရှိတိုင်း ဓာတ်ပုံတွေ စီဒီတွေ နဲ့ ထည့်ထည့်ပေးရတာလည်း အမော။ ဒါပေမယ့် တခါထည့်ပေးပြီးတိုင်း ဖုန်းဆက်တိုင်း ကိုယ်ပဲ အသည်းကွဲရပါတယ်ကွယ်။ အို အနည်းဆုံးတော့ လေယာဉ်ပေါ်က ဆင်းဆင်းချင်း သူတို့သိပ် Shock မရသွားဘူးပေါ့လို့။ ကြံဖန်ဖြေသိမ့်ရပါတော့တယ်။

Saturday, May 16, 2009

စိတ်နာတယ်...

ဒီစင်ကာပူကို ရောက်ကတည်းက အလုပ်သုံးခု ပြောင်းဖူးပါတယ်။ အခုလေးခုမြောက်ကို နောက်တပတ်ထဲမှာ ပြောင်းဖို့ ကြိုးစားနေတယ်။ မှတ်မှတ်ရရ ပထမဆုံး အလုပ်ကို ပထမဆုံး အင်တာဗျူးနဲ့ အလုပ်ရလိုက်တော့ အလုပ်လျှောက်ရတဲ့ ဒုက္ခတော့ သက်သာသွားတယ်။ လူကတော်လို့တော့ မဟုတ်ဘူး။ သူဌေးက ဗျူးရမှာကို ပျင်းနေလို့ မြန်မြန်ခန့်လိုက်တယ် ဖြစ်မယ်။ ကိုယ့်လို ဘာမှ လုပ်ငန်းအတွေ့အကြုံ မရှိတဲ့ သူတစ်ယောက် အနေနဲ့ အလုပ်ကံကောင်းတယ် ပြောလို့ရပါတယ်။

ဒါပေမယ့် S-pass လေးကျဖို့ အရေးကျတော့ ကြွေးထူတဲ့ CPF တောင်မှန်မှန် မဆောင်နိုင်တဲ့ အလုပ်ကိုရောက်လို့ အတော်ပဲ ကြန့်ကြာတာ ၄၈ရက်တိတိ။ လစာလေးနောက်ကျတာ၊ သူဌေးကို ရှာလို့မရတာ၊ ကြွေးရှင်တွေ အဆဲခံရတာ CPF အချိန်မီမဆောင်နိုင်လို့ ဒုက္ခများတာလေးက လွဲရင် အဲဒိအလုပ်က အတော်အနေချောင်ပါတယ်။

ရုံးကို လာချင်တဲ့ အချိန်လာ ပြန်ချင်တဲ့ အချိန်ပြန်။ ဂိမ်းဆော့၊ ဘလောဂ့်ရေး/ဖတ်၊ အိပ်ငိုက် ဘာပြသနာမှ မရှိတဲ့ ရုံးပါ။ အဲဒိမှာ ပျော်ရွှင်စွာ တစ်နှစ်တိတိ နေအပြီးမှာတော့ ဒုတိယအလုပ်ကို ပြောင်းတော့ သူများတွေ ပြောကြတဲ့ စလုံးရဲ့ လုပ်ငန်းခွင်သောက တွေကို စတင်ခံစားရတာပါပဲ။ လူမျိုးရေးခွဲခြားတာ၊ စကားနဲ့ အကျောခံရတာ၊ လူလည်ကျတာ စသဖြင့်ပေါ့လေ တစ်လလောက် ခံပြီးတော့ မဖြစ်ချေဘူးဆိုပြီး ခုလက်ရှိ လုပ်နေဆဲ အလုပ်ကို ပြောင်းဖြစ်ပါတယ်။

လုပ်ခဲ့ဘူးသမျှထဲမှာ သူဌေးကံအကောင်းဆုံး အလုပ်ပါ။ သိတဲ့အတိုင်း Pass ကို မှီခိုနေရတဲ့ ဘ၀ဆိုတော့ အလုပ်မှာ အဆင်ပြေတာ အလုပ်ပြုတ်မှာ ပူမနေရတာ လာဘ်ကြီးတစ်ပါး မဟုတ်လား။ ကိုယ့်ကို လေးလေးစားစား ဆက်ဆံတဲ့၊ ပညာတတ်ဆန်တဲ့၊ လူကြီးလူကောင်း ပီသကြတဲ့ လုပ်ငန်းခွင်ကို ရောက်ပါတယ်။ စာရင်းကိုင်အလုပ်တင် မက တရုံးလုံး ကိုယ့်လက်ကိုယ်ခြေပါပဲ။ ဘဏ်အကောင့်ရော၊ သူဌေးရဲ့ ခရက်ဒစ်ကဒ်ပါ အပ်ထားတဲ့အထိ ကိုယ့်ကိုနေရာပေးပါတယ်။ ပင်ပန်းပေမယ့် အတော်ကိုပျော်ပါတယ်။ ဘယ်တော့မှ ဒီအလုပ်ကနေ မပြောင်းဘူးလို့ စိတ်ကူးမိတဲ့ အထိပါပဲ။

အခုတော့ အဲဒိအလုပ်ကနေ ထွက်ပြီး တခြားတခုကို သွားဖို့ လုပ်နေပါတယ်။ လူတစ်ယောက်ကြောင့်ပါ။ ရှင်းရှင်းပြောရရင် ကိုယ်တိုင် အလုပ်သွင်းပေးခဲ့တဲ့ လူတစ်ယောက်ကြောင့် ကိုယ်သိပ်ပျော်တဲ့ အလုပ်ကနေ ထွက်ဖို့ပြင်နေပါတယ်။ ကိုယ်စင်ကာပူကို မလာခင် မြန်မာပြည်မှာတုန်းက စာရင်းကိုင် ဘွဲ့လက်မှတ်တွေကလွဲရင် ဘာလုပ်ငန်းအတွေ့အကြုံမှ မရှိပါဘူး။ ဒါပေမယ့် ကိုယ်အလုပ်သွင်းပေးခဲ့တဲ့ သူက စာရင်းကိုင်ပညာပိုင်းမှာ ကိုယ့်ထက် အများကြီးပိုတော်တဲ့ Well-trained တစ်ယောက်ပါ။ ကိုယ်သိပ်အားကိုးခဲ့ပါတယ်။ သိပ်လည်း ယုံခဲ့ပါတယ်။ ဘာသာစကားကအစ အခက်အခဲရှိတဲ့ သူ့ကို ကိုယ်သိပ်ကာကွယ်ခဲ့ပါတယ်။ သူ့လစာကအစ မနစ်နာရအောင် ကိုယ်အများကြီး အတိုက်အခံ လုပ်ခဲ့ပါတယ်။

ဒါပေမယ့် သူကိုယ့်ကို နောက်ကျောကို ဓားနဲ့ထိုးဖို့ ကြိုးစားပါတယ်။ ကိုယ်ခွင့်နဲ့ခဏပြန်တုန်း နှစ်ယောက်တူတူ လုပ်ထားတဲ့အလုပ်ကို ပညာပိုတတ်သူပီပီ လှလှပပ လက်စွမ်းပြပြီး သူဌေးရှေ့မှာ ပဏာယူ ကိုယ့်ကို ထိုးနှက်ပါတယ်။ ကိုယ်ပြန်ပြန်လာချင်း သိရတော့ ရင်ထဲတော်တော်နာရပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်ပြန်ရှင်းလို့ ရပါတယ်။ သူ့ဓားကို ကိုယ့်ကို အဆုံးထိတော့ မစိုက်ပါဘူး။ ဆွဲနှူတ်လို့ ဆေးကုလို့ ရတဲ့ အနေအထားပါ။

ဒါပေမယ့် အတော်ရွံပါတယ်။ သူ့ကိုမြင်တိုင်း ကိုယ့်စိတ်ထဲ အလွန် အကုသိုလ်များပါတယ်။ တခါတလေများ မျက်နှာချင်းဆိုင် မြင်နေရတိုင်း စိတ်ဆင်းရဲလွန်းလို့ တရားခွေနားကြပ်နဲ့ အမြဲတပ်ထားပြီး စိတ်ကိုတော်တော်ပဲ ဖြေရပါတယ်။

ဒီလိုနဲ့ သူဌေးခွင့်မပြုပေမယ့် ကိုယ်အလုပ်ထွက်ခွင့်တင်ပါတယ်။ စာရင်းကိုင်ပညာကို သူ့လောက်မကျွမ်းကျင်ပေမယ့် ကိုယ်ဒီလုပ်ငန်းမှာ Admin ပိုင်း၊ Operation ပိုင်းကို ကျွမ်းကျွမ်းကျင်ကျင် လုပ်နိုင်ပါတယ်။ ကိုယ့်လုပ်ရည်ကိုင်ရည်ကို သိတဲ့ လုပ်ငန်းတူ ကုမ္ပဏီက ကိုယ့်ကို ချက်ချင်းအလုပ်ခန့်ပါတယ်။ နည်းနည်းမှ မပျော်ပါဘူး။ အထူးသဖြင့် ကိုယ်အလွန်လေးစားခင်မင်တဲ့ သူဌေးနဲ့ လုပ်ဖော်ကိုင်ဖက်တွေကြောင့် လုံးဝမပြောင်းချင်ပါဘူး။ ဒါပေမယ့် ကိုယ်သူနဲ့ ဘယ်နှယ့်မှ အလုပ်တူတူ မလုပ်နိုင်တော့ပါဘူး။ ကိုယ်သူ့နည်းတူ ခြေမထိုးလိုပါဘူး။

ကိုယ်အလုပ်ပြောင်းမယ်ဆိုလို့ ၀မ်းသာအားရဖြစ်တဲ့ မျက်နှာကို အံ့အံ့သြသြ ကြည့်ရပါတယ်။ သူလည်းပဲ အလုပ်ပြောင်းချင်ကြောင်း ရှာမရသေးလို့သာ မပြောင်းရဲသေးကြောင်း ပလိစိခြောက်ချက် ပြောတဲ့ စကားကို နားထောင်ရပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်အလုပ်ပြောင်းပါတော့မယ်။ ဟိုဘက်အလုပ်မှာ ကိုယ်ဒီထက် တာဝန်ပိုနည်းပါလိမ့်မယ်။ ဒီမှာလို အရာအားလုံးကို ခေါင်းခံရှင်းစရာ မလိုတော့ပါ။ ပိုက်ဆံပိုရပြီး အလုပ်ပိုသက်သာပါလိမ့်မယ်။ ဒါပေမယ့် ကိုယ်မသွားချင်ပါဘူး။

ပျော်တာမပျော်တာထက် နေ့စဉ်နဲ့အမျှ ဒေါသအကုသိုလ်မီး အလောင်မခံချင်လို့သာ ကိုယ်ဒီလမ်းကို ရွေးရပါတယ်။ ကိုယ်မှားတာ မှန်တာထက် မရင့်ကျက်သေးလို့သာ ဒီလိုလုပ်ဖို့ ဆုံးဖြတ်ရပါတယ်။ လွယ်လွယ်လေး အရှုံးပေးသလို ဖြစ်တဲ့ ကိုယ့်ကိုကိုယ်လည်း တော်တော်မုန်းနေပါတယ်။

ဘုရားပွင့်ခဲရာ ဗောဓိပင်များ။

နှစ်ကျိပ်ရှစ်ဆူသော ဘုရားတွေ အမှီပြုပြီး ပွင့်ခဲ့တဲ့ဗောဓိပင်တွေ မေမြို့ကန်တော်ကြီးထဲက ရိုက်လာတာ။ တချို့အပင်တွေ သိတောင်မသိဘူး။ ကံ့ကော်ပင်အောက် ပွင့်တဲ့ ဘုရားတွေ ပိုများတယ်ပဲ။
ကံ့ကော်ဆိုလို့ ဟိုတလောက အိမ်နားမှာ ကံ့ကော်ပန်းတွေ ဖွေးဖွေးလှုတ်ပွင့်သေးတယ်။ လှတော့လှတယ် မမွှေးပါဘူး စင်ကာပူ ကံ့ကော်။ မြန်မာပြည်က မျိုးနဲ့လည်း မတူဘူး ထင်တယ်။ ကံ့ကော်မှန်းတော့ သိသာတယ်။ မမွှေးတာ တခုရယ်။

Friday, May 15, 2009

ဖွင့်ပွဲ

သောကြာနေ့ညကို ဆင်နွှဲရင်း ပို့စ်တ်အသစ်လေးတင်ရင်း သူများဘလော့ဂ်လေး လျှောက်ဖတ်ရင်း မုန့်ဟင်းခါးလေး စားချင်လာတာနဲ့ (ဘာမှတော့ မဆိုင်ဘူး) ၀ယ်ထားပြီးသား ခင်ထွေးရီ အထုပ်လေး မြန်မြန်ပြေးချက်၊ အိမ်မှာရှိတဲ့ ငါးလေးကို ငံပြာရည်လေးနဲ့ နည်းနည်းထပ်ပြုတ်ထည့်၊ စပါးလင်အစစ်လေး နည်းနည်းထုထည့် ၊ကြက်ဥလေးပြုတ်ထည့်၊ ပဲစဉ်းငုံလေး မြန်မြန်ပြုတ်ထည့် (မြန်မြန်ကျက်လို့ ပဲမှုန့်ဆန်မှုန့်တွေနဲ့ မကြိုက်တတ်လို့) တက်သုတ်ရိုက်လေး ညတွင်းချင်းချက်နေတယ်။

ချက်ရင်း စာလေးပြေးရိုက်ရင်း မုန့်ဖတ်ခြောက်လေးလည်း ပြုတ်ရသေးတယ်။ မအားရှာတာ သနားစရာ။ ဒါပေမယ့် ကျက်သွားတော့ ကျိုက္ကဆံ အိုင်အယ်လ်ဘီစီနားက သံလမ်းမုန့်ဟင်းခါးနဲ့ မထင်မှတ်ပဲ သွားတူတယ်။ ကြိုက်တယ် ကြိုက်တယ် အဲဒိဗားရှင်းလည်း စားကောင်းတာပဲ။ ညဘက်ဆိုတော့ တပန်းကန်နဲ့ ဟင်းရည်လေးသောက် စာလေးဆက်ရေး နေသာထိုင်သာ ရှိသွားပြီလေ။

ဓာတ်ပုံ ရိုက်ခါနီးတော့ ကိုယ့်ပန်းကန်လေး ကိုယ်ကြည့်ပြီး သနားသွားတယ်။ ဟီးဟီး သူများတွေ အစားအသောက် ပျက်တော့မှာပဲ။ ဘာမှလည်းမပါဘူး။ အကြော်လည်း မပါ၊ နံနံပင်လည်း မပါ။ စားလို့ကောင်းပါတယ်။ လှတော့လည်း မလှဘူးကွယ်။