Showing posts with label အလှအပ. Show all posts
Showing posts with label အလှအပ. Show all posts

Sunday, June 27, 2010

ပိန်အောင်လုပ်မယ် ပိန်ချင်တယ်...

ခုတလောတော့ စားလည်း ဒီစိတ်ကွယ် သွားလည်း ဒီစိတ်ကွယ် ဖြစ်နေတယ်။ ပိန်ချင်တယ် ပိန်ချင်တယ် ပိန်ချင်တယ် ဆယ်ပိုင်းပိုင်းရင် ဆယ့်ခြောက်ပိုင်းလောက် သေနေပါပြီကွယ် ပိန်ချင်တာ။

အလွန်နှစ်သက်တဲ့ အစားအသောက် Blog တွေလည်း လုံးဝနီးပါး သံယောဇဉ် ဖြတ်ထားတယ်။ ကျန်းမာရေး မထိခိုက်ရင် ပြီးရော ပိန်ဆေး မသောက်ဖြစ်ရင် ပြီးရော မဖြစ်ဖြစ်တဲ့နည်းနဲ့ ပိန်အောင် လုပ်မယ် စိတ်ကူးတယ်။ ပိန်ဆေးသောက်ပြီး ပိန်ဖို့ ကြံစည်ဘူးတယ် လူက အားနည်းသွားတယ်။ အလုပ်မဖြစ်ဘူး။

ညနေစာကို ခုနှစ်နာရီ မထိုးခင် မရအရ စားတယ်။ စားနေရင်းနဲ့ ငါဗိုက်အရမ်းတင်းနေပြီ စားမ၀င်တော့ဘူး စားမ၀င်တော့ဘူး လုပ်တယ်။ ဒီက ထမင်းဆိုင်တွေက ရောင်းတဲ့ အရသာမရှိတဲ့ ငါးဟင်းချိုနဲ့ ထမင်းစားတယ်။ ထမင်းပန်းကန်လုံးကို တ၀က် ပြန်လျှော့ခိုင်းတယ်။ ဟင်းချိုကိုပဲ မကုန်ကုန်အောင် ဖြစ်ညှစ်သောက်တယ်။ ညသိပ်နက်သွားလို့ ဗိုက်ပြန်ဆာရင် တတ်နိုင်သမျှ မစားဘူး။ အိပ်မပျော်ရင် ငှက်ပျောသီး တစ်လုံးစား ရေသောက်တယ်။ မအိပ်ရင် နောက်နေ့ ပိုစားချင်သောက်ချင် ဖြစ်တယ်ဆိုလို့ ညကို စောစောအိပ်တယ်။ လမ်းလျှောက်ထားရင် ပိုအိပ်ပျော်တယ်။

ထမင်းကို နည်းနည်း အရွက်များများစားတယ်။ အတူတူပါပဲ ဗိုက်ဝတာပဲ။ ဟင်းချိုနဲ့ ထမင်းဖြူကို ပိုစားဖြစ်တယ်။ ကိတ်မုန့် ရေခဲမုန့်လုံးဝ မစားတော့ဘူး။ အာလူးကြော် မစားဘူး။ ကွတ်ကီးမစားဘူး။ အချိုရည်မသောက်ဘူး။ ကော်ဖီကို ကော်ပီအိုရှူးတိုင် သောက်တယ်။ ကော်ဖီကြမ်းကို သကြားလျှော့ခိုင်းတာ။

ညတိုင်း နာရီဝက်လောက် မဖြစ်မနေလမ်းလျှောက်တယ်။ မစားတော့လည်း မစားပဲ နေနိုင်လာတယ်။ အသည်းအသန်ကြီး ဆာလောင်မနေဘူး။ နို့ပါမသောက်တော့ဘူး။ ဒိန်ချဉ်သောက်တယ်။ မနက်စာကို Mr.Bean ကပဲနို့သောက်ရင် ပုလဲ မထည့်ခိုင်းတော့ဘူး။ ဗိုက်နည်းနည်းကျသွားတယ်။ လူက ပိုပေါ့ပါးတယ်။ ကိုယ့်ကိုကိုယ် မှန်ထဲမှာ ကြည့်ရင် စိတ်ချမ်းသာတယ်။ ပစ်ထားရတဲ့ အ၀တ်တွေ ပြန်ဝတ်လို့ရတယ်။ ဂျင်းဘောင်းဘီ ပြန်ဝတ်နိုင်တယ်။

ဗိုက်ခေါက်ကတော့ ရှိတုန်းပဲ ဒါပေမယ့် နည်းနည်း ဖုံးလို့ ဖိလို့ရလာပြီ။ အလေးချိန်ကတော့ သိသိသာသာမကျဘူး။ လေ့ကျင့်ခန်း လုပ်ရင် ကြွက်သားက အဆီထက်လေးလို့ အလေးချိန်မကျဘူးထင်ရတယ် ဆိုတဲ့ စကားကို ကိုးကားပြီး ဖြေသိမ့်တယ်။ ဒါပေမယ့် BMI ကိုပုံမှန် Range ထဲ ပြန်ဝင်အောင် နောက်ထပ် ခြောက်ကီလိုလောက် ကျဖို့လိုသေးတယ်။

အိမ်နားက ပန်းခြံက လှေကားကို တက်လိုက်ဆင်းလိုက်လုပ်တယ်။ အရင်က သိပ်ပင်ပန်းတယ် ထင်တယ်။ စိတ်ဆောင်လို့လား မသိ။ ခုတော့ ဆယ်ခေါက်လောက်တော့ တက်နိုင်ဆင်းနိုင်တယ်။ ရောဂါ ရောဂါ အတော်သည်းနေတယ်။

Waka Waka ကြည့်ပြီး သူ့လောက် ကိုယ်လုံး မလှနိုင်တော့ရင်တောင်မှ ဒီရုပ်ဒီရည်ကြီးတော့ မဖြစ်သင့်ဘူးလို့ ကိုယ့်ကိုကိုယ် ကြိမ်းမောင်းတယ်။ မှန်ထဲမှာ ကိုယ့်ကိုယ်ကို ကြည့်ပြီး စိတ်ဆင်းရဲ ခံနေမယ့် အစားတော့ တခုခုလုပ်ဖို့ သင့်ပြီ စဉ်းစားတယ်။ ကျန်းမာရေးလည်း အရေးကြီးသေးတယ်။

သူငယ်ချင်းကပြောတယ်။ ယောက်ျားနောက်မိန်းမယူရင် အဲဒါတွေတောင် လုပ်စရာ မလိုဘူး အလိုလိုကျတယ်တဲ့။ သူပြောမှ သံဝေဂရသွားတယ်။ အဲလိုများဆိုရင် ငါဦးအောင် ယူလို့ရအောင် ပိန်အောင် အရင်လုပ်ထားသင့်တယ်လို့ ဟဲဟဲ။ အဂျစ်ကို ရှေ့လ သူ့မွေးနေ့ မတိုင်ခင် မွေးနေ့ လက်ဆောင်အဖြစ် ပိန်အောင် လုပ်မယ်ပြောထားတယ်။ ချောင်ထိုးအ၀တ်တွေလည်း ပြန်တော် ပိုက်ဆံလည်း မကုန် အဟက်ဟက် အကြံမပိုင်လား။

Monday, May 18, 2009

ညနေခင်းရဲ့လေပြေထဲမှာ...

ဆံပင်တွေ ဆံပင်တွေ ရေချိုးခန်းထဲမှာ။ ဆံပင်တွေ ဆံပင်တွေ မှန်တင်ခုံရှေ့မှာ။ ဆံပင် တွေ အိပ်ယာပေါ်မှာ။ အိုး နေရာတကာ ဆံပင်တွေ မြင်ရင်ကို စိတ်တွေကို ရှုပ်တာ။ မုန်းစရာကောင်းတာ။ ဒီရောက်တည်းက ကျွတ်လိုက်တဲ့ ဆံပင်။ လှည်းလိုက်ရတဲ့ ကြမ်း။ ခေါင်းလျှော်ပြီး ရေများသုတ်ပြီးရင် မျက်နှာသာ ဘာမှမတင် ရှိရမယ်။ ကြမ်းတော့ အရင် လှည်းပဲ။ မဟုတ်ရင် အော့ချင်လွန်းလို့။ ဆံပင်ဆိုတာ များကလည်း ခေါင်းပေါ်သာ လှတာ။ တခြားနေရာရောက်တော့ အတော်ရွံစရာကောင်းတာတော့။

အရင်လို အတိုလေး ယောက်ျားဆံပင်သာ ပြန်ထားချင်တော့တာ။ စိတ်ကလည်း မရှည်တတ်။ ကျောလယ်ကျော်နေတဲ့ ဒီဆံပင်ဟာ အိမ်ကလူကြောင့်ပေါ့။ တသက်လုံး ရည်းစားမထားခင် တလျှောက်လုံး ကိုယ့်ဟာကို တိုတိုအေးအေးပဲ။ သူ့ကြောင့် သူ့ကြောင့် "ညနေခင်းရဲ့လေပြေထဲမှာဘာညာ"၊"ကိုယ်ကတော့ အရှည်လေး ထားစေချင်တာ။ အတိုထားချင်လည်း သဘောပါ ဘာညာ" ညောင်ညောင်လည်း လုပ်ရော။ ဒေါ်ရွှေအိတို့ကလည်း ခပ်ပြတ်ပြတ်ပဲ။ အဲဒိကတည်းကကို မညှပ်တာ ခုကျောလည်ကို ရောက်တဲ့ထိပဲ။

ဒါပေမယ့် ခုတလော အရမ်းပူတော့ ခေါင်းချွေးတွေ တအားထွက်တာတမျိုး၊ ဟင်းချက်လို့ ခေါင်းကိုပေါင်းထားလည်း ချွေးထွက်တာက တမျိုးနဲ့ ခေါင်းက မကြာခဏလျှော်ရတော့ ဒီဆံပင်ရှည်တွေ မုန်းကိုလာတာ။ သူအိမ်မှာရှိနေရင်တော့ ကူသုတ်ပေး ကူခြောက်ပေး ဆိုတော့ မထောင်းသာဘူး။ မနက်ဘက် ရုံးမသွားခင် လျှော်ရရင်တော့ သေချင်စော်နံအောင်ကို စိတ်ရှုတ်ရတယ်။

ကလိုရင်းခပ်ထားတဲ့ စင်ကာပူဝါးတား နှိပ်စက်တာများ ကိုယ့်ဆံပင်အတော်သန်လို့သာ ကျွတ်ချက်ကတော့။ ငါ့ခေါင်းပေါ်တောင် ဆံပင်ကျန်ရဲ့လား စမ်းကြည့်ရတဲ့အထိပဲ။ ဘာခေါင်းလျှော်ရည် ပြောင်းသုံးသုံးကို မရဘူး။ စိတ်မရှည်လို့ ဘီးနဲ့ တအားဖြီးပစ်တာလည်း ပါတာပေါ့လေ။ ခုတလောတော့ စိတ်တွေ အိုက်အားကြီးလို့ ကိုယ့်ဆံပင် ကိုယ်ကပ်ကျေးနဲ့ ကိုက်ချင်စိတ် ပေါက်ပေါက်လာတာ။

တခါတလေကျလည်း မိန်းမတွေကျ ဘာလို့ ဆံပင်ရှည်ထားရပြီး သူတို့ယောက်ျားတွေကျ အေးအေးနေရပါလိမ့်လို့ ဒီတလောကလုံး အရိုးစွဲနေတဲ့ အယူအဆကြီးကို အမြင်ကပ်လာမိတယ်။ ဟွန်း။

ဝသောသူကို...

French fries တွေစားရင်တဲ့ ကင်ဆာဖြစ်တတ်တယ်တဲ့။ ဆီကြော်တွေ မစားနဲ့တဲ့။ ဟမ်ဘာဂါမစားနဲ့တဲ့ ခြေသလုံးကြီးမယ်တဲ့။ ကြက်အရေခွံ ၀က်အခေါက်တွေတဲ့ မစားသင့်ဘူးတဲ့။ ရောဂါတွေတဲ့ အဲဒိမှာစုနေတယ်တဲ့။ ဂျူံနဲ့လုပ်တွေမုန့်တွေ စားရင်တဲ့ ပိုဝတယ်တဲ့။ ညနေခုနှစ်နာရီကျော်ရင်တဲ့ ဘာမှမစားနဲ့တော့တဲ့။ ဆီတွေကို တခါချက်ကြော်ပြီင်္းရင် သွန်ပစ်တဲ့ အဆိပ်ဖြစ်တတ်တယ်တဲ့။ ထမင်းစားပြီးရင်တဲ့ အအေးတွေ Juice တွေတဲ့ ရေခဲရေတဲ့ မသောက်ရဘူးတဲ့။ ပိုဝတယ်တဲ့။ ရေနွေးကြမ်းပဲသောက်တဲ့။ ရေနွေးကြမ်းသောက်ရင် ဆားခတ်သောက်ဦးတဲ့။ ထမင်းစားပြီးပြီးချင်းတဲ့ ထိုင်မနေနဲ့တဲ့။ ဗိုက်ခေါက်ထူတယ်တဲ့။ လုံးဝသွားမလှဲနဲ့တဲ့ အိပ်ပျော်သွားရင် ဖြေဆေးမရှိတဲ့ (မှတ်ချက်။ အ၀လွန်ခြင်းအတွက်) ။ သကြားလုံးမငုံနဲ့တဲ့။ သကြားတွေတဲ့ ဗိုက်ထဲကို အများကြီး ၀င်ကုန်မယ်တဲ့။ ကော်ဖီမသောက်နဲ့တဲ့ နှို့မှုန့် နို့ဆီင်္ကြောင့် ၀တာတဲ့။ နို့မသောက်နဲ့တဲ့ အဲဒါလည်း ၀တာပဲတဲ့။ မxxxxxxxxxxxxxနဲ့တဲ့ ၀မယ်တဲ့။ xxxxxxxxxx ကိုတော့ ဝေးဝေးကရှောင်တဲ့ အဆီတက်တယ်တဲ့။ xxxxxxxxx ဆို လုံးဝကို မထိနဲ့တဲ့ ဗိုက်ခေါက်ထွက်လာမယ်တဲ့ တဲ့ တဲ့။


အိုများလိုက်တာ ၀သောသူလိုက်နာရတဲ့ စည်းကမ်းတွေ။ ၀လာရင် ဘာမှမကောင်းဘူး။ အဓိက’က စိတ်လည်းမကောင်းဘူး။ အလကားနေရင်း သူများထက် တဆင့်နိမ့်နေသလိုပဲ။ ဂျင်းဘောင်းဘီတွေ ၀တ်ရင် စိတ်ညစ်ရတယ်။ ရင်စီးအကျီလေးတွေ ၀တ်တော့ ရထားပေါ်မှာ နေရာထပေးကြတယ်။ စိတ်နာတယ်။ ၀ဖောင်းကစ်နေတဲ့ မျက်နှာကြီးကို ဖုံးဖိဖို့ ဆံပင်ကို မစီးရဲဘူး။ အစက ၀၀ကစ်ကစ်လေးဆို ချစ်စရာလေးပေါ့လို့ ပြောတဲ့သူလည်း အခုတော့ အသံတွေတိတ်လို့။ ဟွန်း။ အရင်တုန်းက သူပဲ မြှောက်မြှောက်ပေးတာ။


ဟိုက်ရှားပါး ၀လို့ လှလို့ပါလား ကနေစပြီး မေးနှစ်ထပ်ဖြစ်နေပြီနော်။ ထိန်းဦးနော်။ သိပ်တက်လာမှ ပြန်ချရတာ ပိုခက်မယ်။ ၀တာ ကျန်းမာရေးအတွက် မကောင်းဘူး။ လေ့ကျင့်ခန်းတခုခုကို မှန်မှန်လုပ်ပါလား။ ဘောလုံးနဲ့တူလာပြီ။ ၀ပြီးပြန်ကျလည်း ခဏပဲ။ အကောင်းဆုံးက ညနေစာမစားနဲ့တော့။ ယောက်ျားက ပစ်သွားဦးမယ်အထိ အမျိုးစုံ သြဘာပေးကြပါတယ်။ ဆရာဖေမြင့်ရဲ့ ကျန်းမာရေးလိုက်စားခြင်း ၀တ္တုတိုကို အရင်က ဖတ်လို့ကောင်းတဲ့ ရသစာပေအနေနဲ့ ဖတ်ဖူးတာ ဟိုတလောက တခါပြန်ဖတ်တော့ ဘာမဆိုင်ညာမဆိုင် ၀မ်းနည်းစရာ အဆွေးဇာတ်လမ်းတခုလိုမျိုး ခံစားရတယ်။


ဝမယ့်ဝလည်း ငယ်ငယ်တည်းက ၀ပါလား။ ခုလိုကြီး ရုတ်တရက်ကြီး ၀တော့ သူများ ကဲ့ရဲ့စရာ အံ့သြစရာ ဖြစ်တာပေါ့လို့ ကိုယ့်ကိုကိုယ် မုန်းမုန်းနဲ့တွေးမိပါသေးတယ်။ ကိုယ်ကလည်း ကိုယ်ပါပဲ ပိန်တုန်းကလည်း အရိုးပေါ်အရေတင် ပိန်ပြီးတော့ ၀တော့လည်း လူနောက်တစ်ယောက်ပြောင်းလိုက်သလို ရုတ်တရက်ကြီး ဆိုသလိုဆိုတော့ပြောသူများလည်း အပြစ်ဆိုလို့ မရပြန်ဘူး။ အစားအသောက် အကြောင်းရေးတဲ့ ဘလော့ဂ်တွေများ ညဘက်များ အိပ်မပျော်လို့ ဖတ်မိမှာစိုးလို့ ကိုယ့်ဘာသာကိုယ် အကြောက်အကန် ငြင်းဆန် ရတာက ရှိသေး။


မှန်ရှေ့ရောက်ရင် အရှေ့ကကြည့် ဘေးတိုက်ကြည့် နောက်လှည့်ကြည့် ဘယ်လိုကြည့်ကြည့် ၀တာက ၀တာပါပဲကွယ်။ ဘယ့်နှယ့်လုပ်ရပါ့။ ယမန်နှစ်ကိုယ်အလေးချိန် 45ကီလို ယခုနှစ် 54ဆိုသလို ဇွတ်တရွတ်ကို တက်လာတော့တာပါပဲ။ 54ဆိုတာ တော်ရုံတန်ရုံ မြင့်မြင့်မားမားဆို ပြသနာမရှိပေမယ့် ကိုယ့်လို ငါးပေ မရှိတတ် ရှိတတ်ကျတော့ အရုပ်ဆိုးတယ်ကွယ်။ လုံးတစ် တုတ်တိုနေတာပဲလို့ ငယ်ငယ်တုန်းက ကလေးဝတုတ်လေးတွေ တွေ့ရင် အသည်းယားပြီး ပြောမိတာကို သတိရသေးတော့။ သို့သော် ကလေးများသည် ၀လေ ချစ်စရာကောင်းလေ ဖြစ်ပြီး လူကြီးများသည် ၀လေ အီး…. ဟီး…. ဟီး….


တခါတလေကျတော့ သူမ၀လို့ ငါတစ်ယောက်တည်းများ သိမ်းကြုံးဝရသလားလို့ အိမ်ကလူကို မဆီမဆိုင် ဆွဲထည့်ချင်လာပြန်ရော။ ပိန်တဲ့သူများကျတော့လည်း အထက်ပါစည်းကမ်းများကို မလိုက်နာလေ ပိုပိန်လေလားလို့ နားမလည်နိုင်အောင် ဖြစ်ရပြန်ရော။ သူလည်း နည်းနည်း ၀ချင်ဝပါစေ ဆိုတဲ့ စိတ်ယုတ်လေးနဲ့ ကြက်ကြော်စားရင် သူ့ကို အရေခွံတွေ ခွာကြွေးပါတယ်။ ၀က်သားသုံးထပ်သားချက်ရင် အသားတွေ ကိုယ်စားပြီး အဆီတွေကို စေတနာရှေ့ထားစားစေပါတယ်။ သို့သော် စေတနာသည် တူသော အကျိုးကို ပေးဧ။်တဲ့။ ကိုယ်သာ ပြိုင်ဘက်မရှိ ပိုပိုဝလာတာ အဖတ်တင်ပါတယ်။


မနှစ်က ရန်ကုန်ပြန်တော့ အခင်ဆုံးသူငယ်ချင်းက တွေ့တွေ့ချင်းပြောတဲ့ စကားက “You look so Weird” တဲ့ကဲ။ အမေက သူ့သမီးကို အတုလား အစစ်လား သံသယ၀င်သလိုလို ကြည့်များကြည့်သလား ခံစားရတာကြောင့် ဒီနှစ်တော့ မပြန်ခင် လူကြုံ ရှိတိုင်း ဓာတ်ပုံတွေ စီဒီတွေ နဲ့ ထည့်ထည့်ပေးရတာလည်း အမော။ ဒါပေမယ့် တခါထည့်ပေးပြီးတိုင်း ဖုန်းဆက်တိုင်း ကိုယ်ပဲ အသည်းကွဲရပါတယ်ကွယ်။ အို အနည်းဆုံးတော့ လေယာဉ်ပေါ်က ဆင်းဆင်းချင်း သူတို့သိပ် Shock မရသွားဘူးပေါ့လို့။ ကြံဖန်ဖြေသိမ့်ရပါတော့တယ်။