Showing posts with label အလုပ်အကိုင်. Show all posts
Showing posts with label အလုပ်အကိုင်. Show all posts

Friday, June 19, 2009

အလုပ်သစ် တဲ့ အလုပ်သစ်

ရုံးအသစ်ကိုရောက်နေတာ သုံးပါတ်ပြည့်ပါပြီ ဒီနေ့နဲ့ဆို။ ရုံးအသစ်က ယိုးဒယားဈေးလို့ပြောကြတဲ့ ဂိုးလ်းဒင်းမိုင်းလ် အပေါ်ထပ်မှာမို့လို့ အရင်ရုံးလို ရထားပေါ်ကဆင်းတာနဲ့ မရောက်တာ တကြောင်း အိမ်နဲ့ပိုလှမ်းလို့ စောစောထရတာ တကြောင်း ညဘက်ဆို မျက်လုံးက ဘယ်နှယ့်မှ တောင့်မခံနိုင်ပဲ အိပ်ချင်တာ တကြောင်း ကွန်ပျူတာကို ဖော်မတ်ပြန်ချလိုက်လို့ Font မသွင်းရသေးတာ တကြောင်းနဲ့ ဘလော့ဂ်လေးကို ပစ်ထားရပါတယ်။
အရင်ရုံးတုန်းက ကိုယ့်LapTopလေး ရုံးကိုသယ်သွားတော့ အလုပ်ထွက်ချိန်မှာ အရင်ရုံးက အမှတ်တရတွေ ဘာမှ မကြည့်ချင်တာနဲ့ Personal ဖိုင်တချို့ သိမ်းပြီးတာနဲ့ စက်ကိုစိတ်နာနာနဲ့ ဖော်မတ်ချပစ်လိုက်တယ်။ ဘာမှလည်း ဆိုင်တော့ မဆိုင်ဘူး။ အဲလိုပဲ တခါတလေလည်း လူက အူကြောင်ကြောင်။ အလုပ်တွေ ရှုပ်တာပေါ့ အလကားနေရင်း အလကား။
အလုပ်အသစ်မှာတော့ သူဌေးအသစ်က LapTop အသစ်လေး တလုံး ၀ယ်ပေးပါတယ်။ ခက်တာက သူက ဗစ်စတာမှဗစ်စတာ ဖြစ်နေတာပဲ။ ပိုက်ဆံပေးဝယ်ရတာချင်းတူတူ XP ဆိုမတန်ဘူးများ ထင်လို့လားမသိ။ ကိုယ်ကလည်း အိမ်က ဗစ်စတာ တစ်လုံးတောင်မှ မသုံးတတ်လို့ အိမ်ကလူက ပါတီရှင်းခွဲပြီး XP ထည့်ပေးထားရတာ။ ငါ့ကွန်ပျူတာပဲ ငါသုံးမယ်လို့လည်း မရ။ ဒီလိုနဲ့ပဲ ဗစ်စတာနဲ့ပဲ နပမ်းသတ်ပြီး ခုတော့လည်း နည်းနည်းရလာပါပြီ။ အထားအသိုတွေက ပြောင်းနေတော့ ကိုယ်လုပ်ချင်တာ လိုက်လိုက်ရှာရတာကိုက အလုပ်တစ်ခု။
Microsoftက နောက်ထပ် အသစ်ထုတ်ရင် XP ကိုအခြေခံတဲ့ ဟာမျိုး ထုတ်မယ်လို့ အိမ်ကလူတွေ ပြောနေကြတာ နားစွန်နားဖျား ကြားတာပဲ။ သာဓုပါတော် သာဓုပါ။ တောကျတယ်ပဲ ဆိုဆို ဗစ်စတာကို မကျွမ်းကျင်ဘူး။ အဆင်အပြင်လေးလှပေမယ့်လို့ လုပ်နေကျဟာနဲ့ သက်သက်ခွဲထွက်သွားသလိုပဲ။
ရုံးအသစ်လည်းဖြစ် ထုံးစံအတိုင်း လူဟောင်းချန်သွားတဲ့ အလုပ်ဟောင်းကြွေးကျန်တွေကို ထိုင်ရှင်းနေရတဲ့အချိန်၊ ကိုယ်ကြိုက်တဲ့ ပုံစံပြန်ဖြစ်အောင် Filingကအစ ပြန်လုပ်နေချိန်၊ အဟဲ သူဌေးအသစ်ရှေ့မှာ အလုပ်ကြိုးစားပြနေရတဲ့ အချိန်လည်းဆိုတော့ ယားရင်တောင် မှတ်လာရတယ် အဟဲ။ လကုန်ရင် ၁၃လစာပေးမယ်ဆိုလို့ ကြိုးကြိုးစားစား ဖိုးသခွားလုပ်နေရတာပေါ့။
သူဌေးအသစ်က မဆိုးရှာပါဘူး အစမ်းခန့်မထားပဲနဲ့ တခါတည်းခန့်မယ်တဲ့ အဲဒါဆို ဂျွန်လကုန် ၁၃လစာပေးရင် ရအောင်လို့တဲ့။ တခုကတော့ ပုံမှန်အတိုင်း အစမ်းခန့် မရှိတော့တဲ့အတွက် သုံးလပြည့်ရင် လစာကို ပြန်မညှိတော့ဘူးတဲ့။ Annual Increment ပဲရှိတော့မယ်တဲ့။ ကိုယ်လည်း ၁၃လစာ လိုချင်တာနဲ့ ခေါင်းညိတ်လိုက်ရော။ အိမ်ကျတော့မှ ငတုံးရဲ့တဲ့ အခုမှဝင်တဲ့ လူကို၁၃လစာပေးလည်း ဘယ်သူက အပြည့်ပေးမှာလဲတဲ့ အခုမှ အလုပ်ဝင်တာ တစ်လရှိသေးတာ ၁၂လနဲ့စားပြီးမှ ပေးမှာပေါ့တဲ့။ အဟီး ညံ့တာ ဟုတ်ပ ငါ့နှယ့်ပေါ့။ အဲဒါနဲ့ ပေါက်တဲ့ နဖူးမထူးပါဘူးဆိုပြီးတော့ သူဌေးများ စိတ်ပြောင်းပြီး တလစာ အပြည့်ပေးလို့ ပေးညား အလုပ်ကြိုးစားနေရတာပေါ့။
ဒါပေမယ့် တခုကောင်းတာက ညနေပြန်ရင် ယပလက်ဈေးကနေ ဇရစ်ရိုးလေး ၀ယ်လာလိုက် အချဉ်ဆီပြန်ချက်လေး ချက်စားလိုက်၊ ဆူးပုပ်ရွက်လေး ကြက်ဥနဲ့ကြော်လိုက်၊ ရှမ်းနံနံလေး နဲ့ ငါးအိုးကပ်လေး ချက်လိုက်နဲ့ စမတ်ကို ဂွမ်နေတာပဲ။ ကြက်ဖင်ဆီဗူးဆိုလည်း ဒီစလုံးမှာ အဲဒိ ယပလက်ဈေးပဲ တွေ့ဖူးတာ။ ဒါလည်း အဂျစ်က ကြိုက်တယ် တခါတလေ ၀ယ်ကျွေးရတယ်။ ကျန်းမာရေးနဲ့ မညီမှန်းသိပေမယ့် တခါတလေတော့ စားပါစေပေါ့။ အမှန်က ကိုယ်က ပိုကြိုက်တာ။ ကိုယ့်ရုပ်ကိုယ်ကြည့်ပြီး လန့်လန့်လာလို့ လျှော့နေရတယ်။
နေ့ခင်းဘက် ထမင်းထွက်စားလည်း ဂိုးလ်ဒင်းမိုင်းလ်မှာ ကြွက်လိုပဲ မြေပေါ်မြေအောက် ဟိုဘက်လမ်း ဒီဘက်လမ်း အထပ်နှံအောင် ဆိုင်တကာရှာပြီး လိုက်စားကြတယ်။ များသောအားဖြင့်ကတော့ ရိုးရိုးစားနေကျ အရသာပါပဲ။ အမယ်နည်းနည်းပိုစုံတာပေါ့။ ထမင်းဆိုင်လေး သုံးလေးခု ရှိတဲ့ ရုံးဟောင်းကနေ ဆိုင်တွေအများကြီး ရှိတဲ့နေရာရောက်လာတော့ အငတ်ကြီးလိုပဲ ဟိုဟာလည်း စားချင် ဒီဟာလည်းစားချင် ဖြစ်နေတယ်။ သရက်သီးစိမ်းလည်း လွယ်လွယ်ဝယ်လို့ ရနေတော့ မုန့်ဘိုးကတော့ တော်တော်ကုန်တယ်။ အရင်က တနေ့ကို တစ်ဆယ် သုံးဖို့ ဘက်ဂျက်မှာ ရာထားရင် အဲဒိပိုက်ဆံထဲက ကားကဒ် ဖြည့်လို့ရသေးတယ်။ ခုက ထမင်းဘိုးမုန့်ဘိုးနဲ့ကို မလောက်တော့တာ။ ဒါတောင် ရုံးအသစ်မှာ သူဌေးက မကြာခဏဆိုသလို တရုံးလုံးစာ နေ့လည်စာ ၀ယ်ဝယ်လာကျွေးလို့။ မဟုတ်ရင် မလွယ်ဘူး။

Saturday, May 16, 2009

စိတ်နာတယ်...

ဒီစင်ကာပူကို ရောက်ကတည်းက အလုပ်သုံးခု ပြောင်းဖူးပါတယ်။ အခုလေးခုမြောက်ကို နောက်တပတ်ထဲမှာ ပြောင်းဖို့ ကြိုးစားနေတယ်။ မှတ်မှတ်ရရ ပထမဆုံး အလုပ်ကို ပထမဆုံး အင်တာဗျူးနဲ့ အလုပ်ရလိုက်တော့ အလုပ်လျှောက်ရတဲ့ ဒုက္ခတော့ သက်သာသွားတယ်။ လူကတော်လို့တော့ မဟုတ်ဘူး။ သူဌေးက ဗျူးရမှာကို ပျင်းနေလို့ မြန်မြန်ခန့်လိုက်တယ် ဖြစ်မယ်။ ကိုယ့်လို ဘာမှ လုပ်ငန်းအတွေ့အကြုံ မရှိတဲ့ သူတစ်ယောက် အနေနဲ့ အလုပ်ကံကောင်းတယ် ပြောလို့ရပါတယ်။

ဒါပေမယ့် S-pass လေးကျဖို့ အရေးကျတော့ ကြွေးထူတဲ့ CPF တောင်မှန်မှန် မဆောင်နိုင်တဲ့ အလုပ်ကိုရောက်လို့ အတော်ပဲ ကြန့်ကြာတာ ၄၈ရက်တိတိ။ လစာလေးနောက်ကျတာ၊ သူဌေးကို ရှာလို့မရတာ၊ ကြွေးရှင်တွေ အဆဲခံရတာ CPF အချိန်မီမဆောင်နိုင်လို့ ဒုက္ခများတာလေးက လွဲရင် အဲဒိအလုပ်က အတော်အနေချောင်ပါတယ်။

ရုံးကို လာချင်တဲ့ အချိန်လာ ပြန်ချင်တဲ့ အချိန်ပြန်။ ဂိမ်းဆော့၊ ဘလောဂ့်ရေး/ဖတ်၊ အိပ်ငိုက် ဘာပြသနာမှ မရှိတဲ့ ရုံးပါ။ အဲဒိမှာ ပျော်ရွှင်စွာ တစ်နှစ်တိတိ နေအပြီးမှာတော့ ဒုတိယအလုပ်ကို ပြောင်းတော့ သူများတွေ ပြောကြတဲ့ စလုံးရဲ့ လုပ်ငန်းခွင်သောက တွေကို စတင်ခံစားရတာပါပဲ။ လူမျိုးရေးခွဲခြားတာ၊ စကားနဲ့ အကျောခံရတာ၊ လူလည်ကျတာ စသဖြင့်ပေါ့လေ တစ်လလောက် ခံပြီးတော့ မဖြစ်ချေဘူးဆိုပြီး ခုလက်ရှိ လုပ်နေဆဲ အလုပ်ကို ပြောင်းဖြစ်ပါတယ်။

လုပ်ခဲ့ဘူးသမျှထဲမှာ သူဌေးကံအကောင်းဆုံး အလုပ်ပါ။ သိတဲ့အတိုင်း Pass ကို မှီခိုနေရတဲ့ ဘ၀ဆိုတော့ အလုပ်မှာ အဆင်ပြေတာ အလုပ်ပြုတ်မှာ ပူမနေရတာ လာဘ်ကြီးတစ်ပါး မဟုတ်လား။ ကိုယ့်ကို လေးလေးစားစား ဆက်ဆံတဲ့၊ ပညာတတ်ဆန်တဲ့၊ လူကြီးလူကောင်း ပီသကြတဲ့ လုပ်ငန်းခွင်ကို ရောက်ပါတယ်။ စာရင်းကိုင်အလုပ်တင် မက တရုံးလုံး ကိုယ့်လက်ကိုယ်ခြေပါပဲ။ ဘဏ်အကောင့်ရော၊ သူဌေးရဲ့ ခရက်ဒစ်ကဒ်ပါ အပ်ထားတဲ့အထိ ကိုယ့်ကိုနေရာပေးပါတယ်။ ပင်ပန်းပေမယ့် အတော်ကိုပျော်ပါတယ်။ ဘယ်တော့မှ ဒီအလုပ်ကနေ မပြောင်းဘူးလို့ စိတ်ကူးမိတဲ့ အထိပါပဲ။

အခုတော့ အဲဒိအလုပ်ကနေ ထွက်ပြီး တခြားတခုကို သွားဖို့ လုပ်နေပါတယ်။ လူတစ်ယောက်ကြောင့်ပါ။ ရှင်းရှင်းပြောရရင် ကိုယ်တိုင် အလုပ်သွင်းပေးခဲ့တဲ့ လူတစ်ယောက်ကြောင့် ကိုယ်သိပ်ပျော်တဲ့ အလုပ်ကနေ ထွက်ဖို့ပြင်နေပါတယ်။ ကိုယ်စင်ကာပူကို မလာခင် မြန်မာပြည်မှာတုန်းက စာရင်းကိုင် ဘွဲ့လက်မှတ်တွေကလွဲရင် ဘာလုပ်ငန်းအတွေ့အကြုံမှ မရှိပါဘူး။ ဒါပေမယ့် ကိုယ်အလုပ်သွင်းပေးခဲ့တဲ့ သူက စာရင်းကိုင်ပညာပိုင်းမှာ ကိုယ့်ထက် အများကြီးပိုတော်တဲ့ Well-trained တစ်ယောက်ပါ။ ကိုယ်သိပ်အားကိုးခဲ့ပါတယ်။ သိပ်လည်း ယုံခဲ့ပါတယ်။ ဘာသာစကားကအစ အခက်အခဲရှိတဲ့ သူ့ကို ကိုယ်သိပ်ကာကွယ်ခဲ့ပါတယ်။ သူ့လစာကအစ မနစ်နာရအောင် ကိုယ်အများကြီး အတိုက်အခံ လုပ်ခဲ့ပါတယ်။

ဒါပေမယ့် သူကိုယ့်ကို နောက်ကျောကို ဓားနဲ့ထိုးဖို့ ကြိုးစားပါတယ်။ ကိုယ်ခွင့်နဲ့ခဏပြန်တုန်း နှစ်ယောက်တူတူ လုပ်ထားတဲ့အလုပ်ကို ပညာပိုတတ်သူပီပီ လှလှပပ လက်စွမ်းပြပြီး သူဌေးရှေ့မှာ ပဏာယူ ကိုယ့်ကို ထိုးနှက်ပါတယ်။ ကိုယ်ပြန်ပြန်လာချင်း သိရတော့ ရင်ထဲတော်တော်နာရပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်ပြန်ရှင်းလို့ ရပါတယ်။ သူ့ဓားကို ကိုယ့်ကို အဆုံးထိတော့ မစိုက်ပါဘူး။ ဆွဲနှူတ်လို့ ဆေးကုလို့ ရတဲ့ အနေအထားပါ။

ဒါပေမယ့် အတော်ရွံပါတယ်။ သူ့ကိုမြင်တိုင်း ကိုယ့်စိတ်ထဲ အလွန် အကုသိုလ်များပါတယ်။ တခါတလေများ မျက်နှာချင်းဆိုင် မြင်နေရတိုင်း စိတ်ဆင်းရဲလွန်းလို့ တရားခွေနားကြပ်နဲ့ အမြဲတပ်ထားပြီး စိတ်ကိုတော်တော်ပဲ ဖြေရပါတယ်။

ဒီလိုနဲ့ သူဌေးခွင့်မပြုပေမယ့် ကိုယ်အလုပ်ထွက်ခွင့်တင်ပါတယ်။ စာရင်းကိုင်ပညာကို သူ့လောက်မကျွမ်းကျင်ပေမယ့် ကိုယ်ဒီလုပ်ငန်းမှာ Admin ပိုင်း၊ Operation ပိုင်းကို ကျွမ်းကျွမ်းကျင်ကျင် လုပ်နိုင်ပါတယ်။ ကိုယ့်လုပ်ရည်ကိုင်ရည်ကို သိတဲ့ လုပ်ငန်းတူ ကုမ္ပဏီက ကိုယ့်ကို ချက်ချင်းအလုပ်ခန့်ပါတယ်။ နည်းနည်းမှ မပျော်ပါဘူး။ အထူးသဖြင့် ကိုယ်အလွန်လေးစားခင်မင်တဲ့ သူဌေးနဲ့ လုပ်ဖော်ကိုင်ဖက်တွေကြောင့် လုံးဝမပြောင်းချင်ပါဘူး။ ဒါပေမယ့် ကိုယ်သူနဲ့ ဘယ်နှယ့်မှ အလုပ်တူတူ မလုပ်နိုင်တော့ပါဘူး။ ကိုယ်သူ့နည်းတူ ခြေမထိုးလိုပါဘူး။

ကိုယ်အလုပ်ပြောင်းမယ်ဆိုလို့ ၀မ်းသာအားရဖြစ်တဲ့ မျက်နှာကို အံ့အံ့သြသြ ကြည့်ရပါတယ်။ သူလည်းပဲ အလုပ်ပြောင်းချင်ကြောင်း ရှာမရသေးလို့သာ မပြောင်းရဲသေးကြောင်း ပလိစိခြောက်ချက် ပြောတဲ့ စကားကို နားထောင်ရပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်အလုပ်ပြောင်းပါတော့မယ်။ ဟိုဘက်အလုပ်မှာ ကိုယ်ဒီထက် တာဝန်ပိုနည်းပါလိမ့်မယ်။ ဒီမှာလို အရာအားလုံးကို ခေါင်းခံရှင်းစရာ မလိုတော့ပါ။ ပိုက်ဆံပိုရပြီး အလုပ်ပိုသက်သာပါလိမ့်မယ်။ ဒါပေမယ့် ကိုယ်မသွားချင်ပါဘူး။

ပျော်တာမပျော်တာထက် နေ့စဉ်နဲ့အမျှ ဒေါသအကုသိုလ်မီး အလောင်မခံချင်လို့သာ ကိုယ်ဒီလမ်းကို ရွေးရပါတယ်။ ကိုယ်မှားတာ မှန်တာထက် မရင့်ကျက်သေးလို့သာ ဒီလိုလုပ်ဖို့ ဆုံးဖြတ်ရပါတယ်။ လွယ်လွယ်လေး အရှုံးပေးသလို ဖြစ်တဲ့ ကိုယ့်ကိုကိုယ်လည်း တော်တော်မုန်းနေပါတယ်။