Saturday, May 16, 2009

စိတ်နာတယ်...

ဒီစင်ကာပူကို ရောက်ကတည်းက အလုပ်သုံးခု ပြောင်းဖူးပါတယ်။ အခုလေးခုမြောက်ကို နောက်တပတ်ထဲမှာ ပြောင်းဖို့ ကြိုးစားနေတယ်။ မှတ်မှတ်ရရ ပထမဆုံး အလုပ်ကို ပထမဆုံး အင်တာဗျူးနဲ့ အလုပ်ရလိုက်တော့ အလုပ်လျှောက်ရတဲ့ ဒုက္ခတော့ သက်သာသွားတယ်။ လူကတော်လို့တော့ မဟုတ်ဘူး။ သူဌေးက ဗျူးရမှာကို ပျင်းနေလို့ မြန်မြန်ခန့်လိုက်တယ် ဖြစ်မယ်။ ကိုယ့်လို ဘာမှ လုပ်ငန်းအတွေ့အကြုံ မရှိတဲ့ သူတစ်ယောက် အနေနဲ့ အလုပ်ကံကောင်းတယ် ပြောလို့ရပါတယ်။

ဒါပေမယ့် S-pass လေးကျဖို့ အရေးကျတော့ ကြွေးထူတဲ့ CPF တောင်မှန်မှန် မဆောင်နိုင်တဲ့ အလုပ်ကိုရောက်လို့ အတော်ပဲ ကြန့်ကြာတာ ၄၈ရက်တိတိ။ လစာလေးနောက်ကျတာ၊ သူဌေးကို ရှာလို့မရတာ၊ ကြွေးရှင်တွေ အဆဲခံရတာ CPF အချိန်မီမဆောင်နိုင်လို့ ဒုက္ခများတာလေးက လွဲရင် အဲဒိအလုပ်က အတော်အနေချောင်ပါတယ်။

ရုံးကို လာချင်တဲ့ အချိန်လာ ပြန်ချင်တဲ့ အချိန်ပြန်။ ဂိမ်းဆော့၊ ဘလောဂ့်ရေး/ဖတ်၊ အိပ်ငိုက် ဘာပြသနာမှ မရှိတဲ့ ရုံးပါ။ အဲဒိမှာ ပျော်ရွှင်စွာ တစ်နှစ်တိတိ နေအပြီးမှာတော့ ဒုတိယအလုပ်ကို ပြောင်းတော့ သူများတွေ ပြောကြတဲ့ စလုံးရဲ့ လုပ်ငန်းခွင်သောက တွေကို စတင်ခံစားရတာပါပဲ။ လူမျိုးရေးခွဲခြားတာ၊ စကားနဲ့ အကျောခံရတာ၊ လူလည်ကျတာ စသဖြင့်ပေါ့လေ တစ်လလောက် ခံပြီးတော့ မဖြစ်ချေဘူးဆိုပြီး ခုလက်ရှိ လုပ်နေဆဲ အလုပ်ကို ပြောင်းဖြစ်ပါတယ်။

လုပ်ခဲ့ဘူးသမျှထဲမှာ သူဌေးကံအကောင်းဆုံး အလုပ်ပါ။ သိတဲ့အတိုင်း Pass ကို မှီခိုနေရတဲ့ ဘ၀ဆိုတော့ အလုပ်မှာ အဆင်ပြေတာ အလုပ်ပြုတ်မှာ ပူမနေရတာ လာဘ်ကြီးတစ်ပါး မဟုတ်လား။ ကိုယ့်ကို လေးလေးစားစား ဆက်ဆံတဲ့၊ ပညာတတ်ဆန်တဲ့၊ လူကြီးလူကောင်း ပီသကြတဲ့ လုပ်ငန်းခွင်ကို ရောက်ပါတယ်။ စာရင်းကိုင်အလုပ်တင် မက တရုံးလုံး ကိုယ့်လက်ကိုယ်ခြေပါပဲ။ ဘဏ်အကောင့်ရော၊ သူဌေးရဲ့ ခရက်ဒစ်ကဒ်ပါ အပ်ထားတဲ့အထိ ကိုယ့်ကိုနေရာပေးပါတယ်။ ပင်ပန်းပေမယ့် အတော်ကိုပျော်ပါတယ်။ ဘယ်တော့မှ ဒီအလုပ်ကနေ မပြောင်းဘူးလို့ စိတ်ကူးမိတဲ့ အထိပါပဲ။

အခုတော့ အဲဒိအလုပ်ကနေ ထွက်ပြီး တခြားတခုကို သွားဖို့ လုပ်နေပါတယ်။ လူတစ်ယောက်ကြောင့်ပါ။ ရှင်းရှင်းပြောရရင် ကိုယ်တိုင် အလုပ်သွင်းပေးခဲ့တဲ့ လူတစ်ယောက်ကြောင့် ကိုယ်သိပ်ပျော်တဲ့ အလုပ်ကနေ ထွက်ဖို့ပြင်နေပါတယ်။ ကိုယ်စင်ကာပူကို မလာခင် မြန်မာပြည်မှာတုန်းက စာရင်းကိုင် ဘွဲ့လက်မှတ်တွေကလွဲရင် ဘာလုပ်ငန်းအတွေ့အကြုံမှ မရှိပါဘူး။ ဒါပေမယ့် ကိုယ်အလုပ်သွင်းပေးခဲ့တဲ့ သူက စာရင်းကိုင်ပညာပိုင်းမှာ ကိုယ့်ထက် အများကြီးပိုတော်တဲ့ Well-trained တစ်ယောက်ပါ။ ကိုယ်သိပ်အားကိုးခဲ့ပါတယ်။ သိပ်လည်း ယုံခဲ့ပါတယ်။ ဘာသာစကားကအစ အခက်အခဲရှိတဲ့ သူ့ကို ကိုယ်သိပ်ကာကွယ်ခဲ့ပါတယ်။ သူ့လစာကအစ မနစ်နာရအောင် ကိုယ်အများကြီး အတိုက်အခံ လုပ်ခဲ့ပါတယ်။

ဒါပေမယ့် သူကိုယ့်ကို နောက်ကျောကို ဓားနဲ့ထိုးဖို့ ကြိုးစားပါတယ်။ ကိုယ်ခွင့်နဲ့ခဏပြန်တုန်း နှစ်ယောက်တူတူ လုပ်ထားတဲ့အလုပ်ကို ပညာပိုတတ်သူပီပီ လှလှပပ လက်စွမ်းပြပြီး သူဌေးရှေ့မှာ ပဏာယူ ကိုယ့်ကို ထိုးနှက်ပါတယ်။ ကိုယ်ပြန်ပြန်လာချင်း သိရတော့ ရင်ထဲတော်တော်နာရပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်ပြန်ရှင်းလို့ ရပါတယ်။ သူ့ဓားကို ကိုယ့်ကို အဆုံးထိတော့ မစိုက်ပါဘူး။ ဆွဲနှူတ်လို့ ဆေးကုလို့ ရတဲ့ အနေအထားပါ။

ဒါပေမယ့် အတော်ရွံပါတယ်။ သူ့ကိုမြင်တိုင်း ကိုယ့်စိတ်ထဲ အလွန် အကုသိုလ်များပါတယ်။ တခါတလေများ မျက်နှာချင်းဆိုင် မြင်နေရတိုင်း စိတ်ဆင်းရဲလွန်းလို့ တရားခွေနားကြပ်နဲ့ အမြဲတပ်ထားပြီး စိတ်ကိုတော်တော်ပဲ ဖြေရပါတယ်။

ဒီလိုနဲ့ သူဌေးခွင့်မပြုပေမယ့် ကိုယ်အလုပ်ထွက်ခွင့်တင်ပါတယ်။ စာရင်းကိုင်ပညာကို သူ့လောက်မကျွမ်းကျင်ပေမယ့် ကိုယ်ဒီလုပ်ငန်းမှာ Admin ပိုင်း၊ Operation ပိုင်းကို ကျွမ်းကျွမ်းကျင်ကျင် လုပ်နိုင်ပါတယ်။ ကိုယ့်လုပ်ရည်ကိုင်ရည်ကို သိတဲ့ လုပ်ငန်းတူ ကုမ္ပဏီက ကိုယ့်ကို ချက်ချင်းအလုပ်ခန့်ပါတယ်။ နည်းနည်းမှ မပျော်ပါဘူး။ အထူးသဖြင့် ကိုယ်အလွန်လေးစားခင်မင်တဲ့ သူဌေးနဲ့ လုပ်ဖော်ကိုင်ဖက်တွေကြောင့် လုံးဝမပြောင်းချင်ပါဘူး။ ဒါပေမယ့် ကိုယ်သူနဲ့ ဘယ်နှယ့်မှ အလုပ်တူတူ မလုပ်နိုင်တော့ပါဘူး။ ကိုယ်သူ့နည်းတူ ခြေမထိုးလိုပါဘူး။

ကိုယ်အလုပ်ပြောင်းမယ်ဆိုလို့ ၀မ်းသာအားရဖြစ်တဲ့ မျက်နှာကို အံ့အံ့သြသြ ကြည့်ရပါတယ်။ သူလည်းပဲ အလုပ်ပြောင်းချင်ကြောင်း ရှာမရသေးလို့သာ မပြောင်းရဲသေးကြောင်း ပလိစိခြောက်ချက် ပြောတဲ့ စကားကို နားထောင်ရပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်အလုပ်ပြောင်းပါတော့မယ်။ ဟိုဘက်အလုပ်မှာ ကိုယ်ဒီထက် တာဝန်ပိုနည်းပါလိမ့်မယ်။ ဒီမှာလို အရာအားလုံးကို ခေါင်းခံရှင်းစရာ မလိုတော့ပါ။ ပိုက်ဆံပိုရပြီး အလုပ်ပိုသက်သာပါလိမ့်မယ်။ ဒါပေမယ့် ကိုယ်မသွားချင်ပါဘူး။

ပျော်တာမပျော်တာထက် နေ့စဉ်နဲ့အမျှ ဒေါသအကုသိုလ်မီး အလောင်မခံချင်လို့သာ ကိုယ်ဒီလမ်းကို ရွေးရပါတယ်။ ကိုယ်မှားတာ မှန်တာထက် မရင့်ကျက်သေးလို့သာ ဒီလိုလုပ်ဖို့ ဆုံးဖြတ်ရပါတယ်။ လွယ်လွယ်လေး အရှုံးပေးသလို ဖြစ်တဲ့ ကိုယ့်ကိုကိုယ်လည်း တော်တော်မုန်းနေပါတယ်။

10 comments:

  1. ဘယ်သူတွေ..ငါ့ညီမကို စိတ်ညစ်အောင် လုပ်လဲ..ပြောစမ်းဘာ။
    အပြတ်ရှင်းပေးရမလား။ ပြော..ညီမ..ပြော။

    ReplyDelete
  2. မမွန်ပြောမှ စိတ်သက်သာသွားတယ်။ ကျေးဇူး။
    ဘ၀မှာ ဒီလိုအခက်အခဲတွေက ရှောင်မရပါဘူးလေ။

    ReplyDelete
  3. ဒီလိုပါဘဲ ..ပျော်ရာမှာမနေရ တော်ရာမှာနေရတဲ့ဘဝတွေပါ။ ခက်တာက ..အင်း .. ဒီလိုဘဲ ဖြစ်နေကြပါလေ။ အချင်းချင်းက ပိုပြီးပြိုင်ကြတယ်ဗျ။ ကျွန်တော်လဲကြုံဖူးတယ်။

    ReplyDelete
  4. ဟုတ်ကဲ့ အကို အိလည်း လွတ်ရာ ကျွတ်ရာသွားတော့မယ်။ ဒေါသဖြစ်ပြီး မနေချင်ဘူး။ အလကားနေရင်း။

    ReplyDelete
  5. အမရေ ကျမလဲ ဒါမျိုးကြုံဖူးတယ်.. တော်တော်စိတ်ပျက်ဖို့ကောင်းတဲ့ လူတွေပါပဲ..

    ReplyDelete
  6. မရေ ကျွန်မလည်းကြုံဖူးတယ်။ သူ့ ကိုမြင်ရတာကို အကုသိုလ်များလို့ အမလိုဘဲ တရားခွေကိုဖွင့်ပြီး နားကြပ်တပ်ထားလိုက်တယ်။ သူ့ စေတနာနဲ့သူ သွားပါလိမ့်မယ်

    ReplyDelete
  7. အင်း အမှန်တော့ ဒါတွေဟာဖြစ်နေကျတွေပါပဲ။ အရင်တုန်းက ကိုယ်နဲ့ မနီးစပ်ခဲ့တော့ မသိခဲ့တာလည်းပါမှာပေါ့လေ၊ ရွေးချယ်မှုတစ်ခုဖြစ်ခဲ့ပြီးရင်တော့ အကောင်းဆုံးဖြစ်အောင်ပဲလုပ်ပေါ့

    ReplyDelete
  8. ကောင်းပါတယ်အစ်မရယ် အလုပ်ပြောင်းလိုက်တာလည်း အကုသိုလ်မဖြစ်အောင် ရှောင်လိုက်နိုင်တာပေါ့ ... သူက အကုသိုလ်မကြောက်တတ်လို့နေမှာပေါ့...

    ReplyDelete
  9. ဒါကြောင်လူကြီးတွေကပြောတာခြေနစ်ချောင်းမကယ်ကောင်းလိုဆိုတာကိုး။

    ReplyDelete
  10. အရင်အလုပ်မှာ အခုလိုပဲ နောက်ကျောကိုဓါးနဲ့ထိုးသူ
    ရှိလို့ ၁၀နှစ်လောက် လုပ်ခဲ့တဲ့အလုပ်ကို ကျောခိုင်းခဲ့ပါတယ်။

    ReplyDelete