Friday, December 23, 2011

သမီးလေးစူပုပ်ပုပ်...



















ကိုယ်ဝန်နဲ့တုန်းက အမေက တလွှားလွှားသွားလာနေရင် မွေးမယ့်ကလေးက ယောက်ျားလေးဖြစ်တတ်တယ်တဲ့။ သမီးကိုယ်ဝန်နဲု့တုန်းက အလှအပလည်းမပြင်ချင် ရှည်နေတဲ့ ဆံပင်တောင် စိတ်မရှည်လို့ သွားညှပ်လိုက်သေးတယ်။
မိတ်ကပ်မပြောနဲ့ ခရင်းပဖ်လေးတောင် ရိုက်ဖို့စိတ်မရှည်။ မျက်နှာပြောင်နဲ့ ရုပ်ကြမ်းကြီးနဲ့ ဒေါင်းတိမောင်းတိ နိုင်လွန်းလို့ ယောက်ျားလေးဖြစ်မှာပါပဲ ၀ိုင်းပြောကြတယ်။

အဲဒါကြောင့်များ သမီးလေးက မိန်းကလေးနဲ့ မတူပဲ ယောက်ျားလေးပုံ ပေါက်နေတာလား မသိဘူး။
အမေကလည်း ပန်းရောင်မုန်းမုန်းနဲ့ ဆင်လိုက်ရင် အပြာရောင်။ လမ်းရောက်ရင် ယောက်ျားလေးလားပဲ အမေးခံရလွန်းလို့ အဖေလုပ်တဲ့သူက သူ့သမီးအတွက် ပန်းရောင်လေးတွေ အဝယ်ခိုင်းတယ်။
ဆိုင်ရောက်လို့ သမီးအတွက် ပစ္စည်းရွေးရင် အမေက အပြာရောင် ရွေးချင်ပေမယ့် သမီးလေးကို ရွေးခိုင်းရင် ပန်းရောင် အနီရောင် စတာတွေ လှမ်းယူတတ်တယ်။

မိန်းကလေးတို့ရဲ့ ဇာတိပြပုံက အမေ့အဝတ်ဘီရိုဖွင့်ပြရင် ဘယ်လောက်ငိုငို တိတ်ပြီး ချက်ချင်း ပြုံးရယ်တတ်တယ်။ ချိတ်နဲ့ချိတ်ထားတဲ့ အင်္ကျီတွေပေါ်မှာ မှီချပေးလိုက်ရင် အသံတွေတောင်ထွက်အော် ရယ်တတ်သေးတယ်။ ကဲအဲသလောက် မိန်းကလေးဖြစ်ချင်မှလဲ
ဂျစ်တူးတူးပေတုံးတုံး အမေ့ရုပ်နဲ့ မတူပဲ လှလှပပလေး မိန်းကလေးရုပ်လေးဖြစ်ပါတော့ သမီးရယ်။ အခုတော့ အိပ်ပျော်နေတာတောင် စူစူပုပ်ပုပ်လေးနဲ့ ....

Saturday, September 10, 2011

Blogger Application is free today

But I can't type MM font on my phone :(

Thursday, December 16, 2010

ကလေးလေးရေ

ကလေးလေးရေ
မေမေက သားလေးလား သမီးလေးလား မသိရသေးတဲ့ အချိန်ဆိုတော့ ကလေးလေးရေ ပဲခေါ်လို့ရဦးမယ်။ နောက်တပါတ် ဆရာဝန်နဲ့တွေ့တဲ့ အခါတော့ သိရမယ်ထင်ပါရဲ့ကလေးရယ်။ ဒီနေ့နဲ့ဆို ကလေးလေးရဲ့ဖေဖေ ခရီးထွက်ရတာ ရက်၂၀တောင်ရှိပြီ ကလေးရယ်။ မေမေကတော့ စထွက်တဲ့ ရက်ထဲက ၂ပါတ်ကို လက်ချိုးရေပြီးစောင့်နေရလို့လားပဲ ခြောက်ရက်လောက် စွန်းလာတာ အကြာကြီးလိုပါပဲ။

ကိုယ်ဝန်ဆောင်ချိန်မှာ ငိုရင် မကောင်းဘူးတဲ့ ကလေးရယ်။ မေမေကတော့ ကျိတ်လည်းငိုရတယ်။ မျက်ရည်ပေါက်ပေါက်ကျပြီး အသံတိတ်ငိုတဲ့ အခါလည်း ငိုရတယ်။ ကလေးလေးဖေဖေမရှိတုန်းမှ အဆင်မပြေတာတွေကလည်း ကြုံနိုင်လွန်းတယ် ကလေးရယ်။ မေမေက အခု အရင်လို မဟုတ်ပဲ စိတ်သိပ်အားနည်းတာပဲ။ ထစ်ကနဲဆို ငိုချင် ထစ်ကနဲဆို ဒေါသထွက်ချင်။ အဆင်မပြေတာတွေ တွေ့တိုင်း ကလေးဖေဖေသာ အနားမှာရှိရင်လို့ တွေးမိရင် ငိုမိပြန်ရော။

ကလေးဖေဖေက မေမေ့ကို ကလေးလေးအတွက် မေမေတို့ နှစ်ယောက်လုံး သည်းခံနေရမယ်လို့ပြောတယ်။ မေမေလေ တခါတလေများ လူပင်ပန်းသာ ခံလိုက်ချင်တယ် စိတ်ပင်ပန်းမခံချင်ဘူး ကလေးရယ်။ ကလေးလေးဖေဖေကတော့ အလုပ်ကိစ္စက တဖက် မြန်မာပြည်ရောက်တုန်း ကိုယ်တိုင်ရှင်းခဲ့ရမယ့် ကိုယ်ရေးကိုယ်တာ ကိစ္စတွေနဲ့ ဗျာများလှရှိတော့မယ်။ ပင်ပန်းလှတော့မယ်။ မေမေလည်း အရင်လို သွားသမျှနေရာ တလွှားလွှားလိုက်ပြီး လိုအပ်သမျှကူညီချင်ပေမယ့် မဖြစ်ပြန်ဘူး ကလေးရယ်။

မေမေ့ကို ကလေးလေးဖေဖေက ကလေးအမေပဲ ဖြစ်တော့မယ် ကလေးလုပ်ချင်တုန်းလို့ စတတ်တယ်။ မေမေ့ကို မေမေ သိပ်စိတ်မာတယ် ထင်ထားသမျှ ခုတော့ တက်တက်စင်လွဲတာပဲ ကလေးရယ်။ မေမေလေ ကလေးလေးဖွားဖွားကိုလည်း သိပ်လွမ်းတာပဲ။ အခုလို ဖေဖေအနားမှာ မရှိတုန်း အမေ့ရင်ခွင်ထဲ ၀င်ပြီး စိတ်ညစ်တဲ့အခါလည်း ငိုနေလိုက်ချင်တယ်။ စိတ်ပျော်စရာကြုံလည်း သားအမိတွေ ရယ်ပွဲဖွဲ့နေလိုက်ချင်တယ်။

ကလေးလေး မေမေတို့ဆီလာကာနီးတဲ့အခါ မေမေက ရုံးက ခွင့်အကြာကြီး ယူရဦးမှာလေ။ အခုတော့ ကလေးဖွားဖွားတို့ ဖိုးဖိုးတို့ဆီသွားချင်လည်း မေမေ မျိုသိပ်ထားရဦးမယ် ကလေးရယ်။ ကလေးဖွားတို့ ဖိုးတို့ဆီ ဖုန်းဆက်ရင် ငိုသံမပေါက်အောင် မေမေ ကြိုးစားစကားပြောရသေးတယ် ကလေးရယ်။ ကလေးလေးဖေဖေ့ဆီကို ဖုန်းဆက်ရင် မငိုမိအောင် စာနဲ့ပဲ စကားပြောရတယ်ကလေးရယ်။

မေမေစိတ်က အခုဆို အထိမခံ သိပ်နုတာပဲ။ ဒေါသလည်း သိပ်ကြီးတာပဲ။ ဒေါသတွေ သိပ်ထွက်ပြီး အော်မိဟစ်မိရင် ကလေးလေးက မေမေ့ အသံကြားပြီး လန့်များသွားမလားတွေးမိရင် သိပ်စိတ်ပူတာပဲကလေးရယ်။ မေမေ့ကလေးလေးကို မထိခိုက်ရအောင် မေမေသိပ်စိတ်မတိုမိအောင် ကြိုးစားနေရဦးမယ်ကလေးရေ။ ကလေးလေးဖေဖေပြန်လာတဲ့ ရက်ထိ နေ့တိုင်းကို သည်းခံပြီး နောက်ထပ်စိတ်မတိုမိအောင် နေရဦးမယ် ကလေးလေးရယ်.

မေမေ့ကလေးလေးကို မေမေမမြင်ရသေးဘူး ဆရာဝန်ဆီ သွားတုန်း ကလေးနှလုံးခုန်သံလေးကြားရရုံ Ultrasound ဓာတ်ပုံ မှုန်မှုန်ဝါးဝါးလေးကို ကြည့်ရရုံလေးနဲ့တောင် ချစ်လို့မဆုံးဘူး ကလေးရယ်။ ခုဆို ကလေးလေးလည်း မေမေ့ဗိုက်ထဲမှာ နေရတာ ကျပ်လာလို့လား။ ညဆို ကလေးလေးက မအိပ်ဘူး။ မေမေ့ကလေ အိပ်ရေးပျက်တာ သိပ်ဂရုမစိုက်ပါဘူး။ အရင်ကလည်း အလုပ်ရှိရင် ညလုံးပေါက် ကွန်ပျူတာရှေ့မိုးလင်းနေကျပဲ။ ဒါပေမယ့် အခုတော့ ကလေးလေး ဥာဏ်ရည်ထိခိုက်မှာ ကလေးလေး ဖွံဖြိုးမှူနှေးသွားမှာ တွေးပြီးပူရတာ တမျိုး ကလေးလေးဖေဖေကို လွမ်းရတာတမျိုး။ အိပ်မပျော်တဲ့ညတွေဟာ သိပ်ပင်ပန်းတာပဲ ကလေးရယ်။

စာထဲမှာ ဖတ်ရတာ ကလေးလေးက ဒီအချိန် အပြင်က အသံတွေကြားနေရပြီတဲ့။ မေမေက ကလေးလေးကို စကားပြောပေးရမယ်။ သီချင်းဆိုပြရမယ်တဲ့ ကလေးလေးရေ။ ကလေးကတော့ မေမေ့ငိုသံတွေပဲ ကြားနေရလို့ စိတ်ပျက်နေမလား စိတ်မကောင်း ဖြစ်နေမလားပဲ ကလေးရယ်။

ကလေးလေးနဲ့ မေမေက စိတ်ချင်းဆက်နေတယ်ဆိုလို့ မေမေ စိတ်ဓာတ်မကျမိအောင် စိတ်မညစ်မိအောင် ကြိုးစားပြီးနေပါဦးမယ် ကလေးရယ်။ မေမေက မလိမ်မာဘူးကလေးရယ်။ ကလေးလေးကမှ ဖေဖေမသွားခင်မှာသွားသလို မေမေ့ကို သိပ်မဆိုးနဲ့ဆိုတဲ့အတိုင်း မေမေကို့ အရေးပေါ်ဆေးခန်းတခါမှ ထမပြေးရအောင် နေပေးသေးတယ်နော်။ မေမေကတော့ ကလေးလေးကို တာဝန်မကျေလှဘူး။ ဘာပဲဖြစ်ဖြစ် မေမေ့ကလေးလေးကို သိပ်ချစ်တဲ့စိတ်နဲ့ မေမေကြိုးစားပြီး စိတ်ကို ထားတတ်အောင် နေပါဦးမယ်ကလေးရေ။

Wednesday, July 14, 2010

တူပေမယ့် မတူတဲ့ မတူပေမယ့်လည်း တူတဲ့ ...

ကဲမမွန်ရေ ... တူလားဆိုလည်း မတူဘူးလေ။ မတူဘူးလား ဆိုလည်း တူလို့ပေါ့လို့ ဂွဖြေရမယ်ထင်တယ်။ မန္တလာသားနဲ့ ရန်ကုန်သူ ဘယ်လိုများ တူနိုင်မလဲနော်။ ကိုယ်မုန့်ဟင်းခါးချက်ရင် သူမကြိုက်။ သူ့နွားနို့ခဲချက် ကိုယ်မစား။ ဒါမျိုးက ငြိမ်းချမ်းစွာ ပြေလည်လိုက်လို့ရတယ်။ မပြေလည်ပဲ ဆူညံဆူညံဖြစ်ရတာလည်း ခဏခဏပေါ့။ သူက ကိုယ့်လို ပွစိပွစိ မလုပ်တတ်တာတော့ ကျေးဇူးတင်ရတယ်။ မဟုတ်ရင် ထသတ်ကုန်မှာကိုး။

ဂျစ်တူးတူး ပေတုံးတုံးနဲ့ လူတွေကို သိပ်ဂရုမစိုက်တတ်တဲ့ အကျင့်လေးတွေကျတော့လည်း တူပြန်ရော။ ခေါင်းမာမာနဲ့ လုပ်ချင်ရာ စွတ်လုပ်တတ်တာချင်းကြတော့လည်း လက်ဝါးချင်းရိုက်ထားသလား မှတ်ရတယ်။ စာအုပ်မြင်ရင် ဆပ်စလူးထပြီး နန့်နန့်တက် ၀ယ်ချင်တာချင်းလည်း တူတယ်။ ပန်းချီဆွဲတာ ၀ါသနာပါတာချင်းလည်းတူတယ်။

စာကြည့်တိုက်သွားပြီး ငှားခါနီးကျ လေးအုပ်ချင်း ခွဲတမ်းချထားရဲ့သားနဲ့ တစ်ယောက်နဲ့ တစ်ယောက်ဈေးဆစ်တတ်တာချင်းလည်း တူတယ်။ အ၀တ်အစားဝတ်ရင် Trend တွေနောက် မလိုက်ပဲ ကိုယ်နဲ့ နေလို့ထိုင်လို့ အဆင်ပြေတာ ရွေးတတ်တာချင်းလည်းတူတယ်(ဈေးသက်သာတာလည်း ပါတာပေါ့လေ) ။

စားသောက်စရာ ဈေးဝယ်ထွက်တာ ၀ါသနာပါတာချင်းလည်း တူတယ်။ သူငယ်ချင်းတွေကို ချက်ပြုတ်ကျွေးမွေးချင်တာ သူငယ်ချင်းမင်တတ်တာချင်းလည်း တူတယ်။ ရေနွေးကြမ်းကြိုက်တတ်တာချင်းတူတယ်။ ကာတွန်းကား Animation တွေ ကြိုက်တတ်တာချင်းတူတယ်။ ကွန်ပျူတာတွေ Gadget တွေ မက်တတ်တာချင်းလည်း တူတယ်။

သီချင်းတွေကြိုက်တတ်တာ တူတယ်။ ကြိုက်တဲ့သီချင်းတွေတော့ အကုန်မတူလေ။ ကိုယ်က သူ့ခေတ်သီချင်းတွေ ကြိုက်နိုင်ပေမယ့် သူက ကိုယ်နားထောင်တဲ့ သီချင်းတွေ မခံစားနိုင်ရှာ။ အသက်က စကားပြောတယ်လေ။ ဟက်ဟက်။

သူက စိတ်ပေါ့ပါး အေးဆေး အကောင်းမြင်တတ်သလောက် ကိုယ်က စိတ္တဇ နဲ့ တစ်တီတူး တပိုင်းဖြစ်နေတာကျ မတူပြန်။ သူအအိပ်မက်သလောက် ကိုယ်က ညမအိပ်ရလည်း ပြသနာမရှိတာကျ မတူ။ သူတီဗီကြိုက်သလောက် ကိုယ်က ဆယ့်ငါးမိနစ်လောက်မှ ငြိမ်ငြိမ်မကြည့်နိုင်ဘူး။ ကိုယ်ဖုန်းပေါ်မှာ ကုတ်ခြစ်ပြီး စာဖတ်နိုင်ပေမယ့် သူက ကွန်ပျူတာနဲ့တောင် စာမဖတ်လို။ စာအုပ်ကိုင်ဖတ်ရမှ အရသာရှိသတဲ့။

အမုန်းဆုံး မတူတဲ့ အချက်ကတော့ Metabolism Rate။ မုန်းထှာ။ သူက အဆီတက်မယ့် အစာတွေ စားသလောက် ဘယ်တော့မှ မ၀။ ကိုယ့်မှာတော့ အစားဆင်ခြင်ရသလောက် လေ့ကျင့်ခန်းကိုလည်း မရပ်ရဲ။ အပြင်များ သွားရလို့ အလုပ်များများလို့ Jogging လေးရပ်လိုက်တာနဲ့ ။ အဆီက တက်ချင်ပြီ။

ကိုယ်က အ၀တ်အစားတွေဝယ်ထား မတော်တော့တာက များ။ ခဏခဏ ပေးပစ်ရ အသစ်ဝယ်ရ။ သူက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ရှေးဟောင်းအ၀တ်အစားတွေပါ ဘီရိုနဲ့ တစ်လုံး မြတ်မြတ်နိုးနိုးသိမ်းဆည်းထား။ သူနဲ့က မတော်တော့ဘူးဆိုတာ ဘယ်တော့ကမှမရှိတာကိုး။

ပစ္စည်းပစ္စယ သေးသေးမွှားမွှားတွေဆို သူက ယုယုယယသိမ်း။ ကိုယ်က ဖြစ်ကတတ်ဆန်း။ သူက နွေးတဲ့အရောင်တွေကြိုက် ကိုယ်က အစိမ်းက ပထမ နောက်မှ တခြား မျက်လုံးအေးမယ့် အရောင်တွေ။ အနီ လိမ္မော် အ၀ါဆိုတာ ကိုယ့်ရွေးချယ်စာရင်းထဲမှာ ဘယ်တော့မှ မပါလေ။ အိမ်သုံးပစ္စည်း တခုခုများ အနီရောင် လိုချင်တယ်ဆို ငြင်းရပြီ။ တခါတလေတော့လည်း Contrast Colour နှစ်ခုကိုမှ တိုက်တိုက်ဆိုင်ဆိုင် လာကြိုက်နေကြတော့လည်း သူကြိုက်တာလေးလည်း ၀ယ်ပါစေလေ စိတ်လျှော့လိုက်ရတာပဲ။


တူပြီးမတူတဲ့ မတူပြီးတူတဲ့ ဒေါ်ပြာသိုနဲ့ ဦးဝါဆိုရဲ့ ညှိယူရတာတွေ အလျှော့ပေးလိုက်ရတာတွေ ကတော့ သူရော ကိုယ်ရော ရှိမှာပါပဲ။ တစိမ်းနှစ်ယောက်ကနေ တယောက်ကို တယောက် သည်းခံနိုင်မယ် ရင်ခုန်သံချင်း တူတယ် ယုံလို့ ပေါင်းခဲ့ကြတာမို့ ကဲ ပျော်ရွှင်စွာ ငြင်းခုန် ရန်ဖြစ်ရင်းဖြင့်ပေါ့ကွယ်။ ရလဲ့...

Sunday, June 27, 2010

ပိန်အောင်လုပ်မယ် ပိန်ချင်တယ်...

ခုတလောတော့ စားလည်း ဒီစိတ်ကွယ် သွားလည်း ဒီစိတ်ကွယ် ဖြစ်နေတယ်။ ပိန်ချင်တယ် ပိန်ချင်တယ် ပိန်ချင်တယ် ဆယ်ပိုင်းပိုင်းရင် ဆယ့်ခြောက်ပိုင်းလောက် သေနေပါပြီကွယ် ပိန်ချင်တာ။

အလွန်နှစ်သက်တဲ့ အစားအသောက် Blog တွေလည်း လုံးဝနီးပါး သံယောဇဉ် ဖြတ်ထားတယ်။ ကျန်းမာရေး မထိခိုက်ရင် ပြီးရော ပိန်ဆေး မသောက်ဖြစ်ရင် ပြီးရော မဖြစ်ဖြစ်တဲ့နည်းနဲ့ ပိန်အောင် လုပ်မယ် စိတ်ကူးတယ်။ ပိန်ဆေးသောက်ပြီး ပိန်ဖို့ ကြံစည်ဘူးတယ် လူက အားနည်းသွားတယ်။ အလုပ်မဖြစ်ဘူး။

ညနေစာကို ခုနှစ်နာရီ မထိုးခင် မရအရ စားတယ်။ စားနေရင်းနဲ့ ငါဗိုက်အရမ်းတင်းနေပြီ စားမ၀င်တော့ဘူး စားမ၀င်တော့ဘူး လုပ်တယ်။ ဒီက ထမင်းဆိုင်တွေက ရောင်းတဲ့ အရသာမရှိတဲ့ ငါးဟင်းချိုနဲ့ ထမင်းစားတယ်။ ထမင်းပန်းကန်လုံးကို တ၀က် ပြန်လျှော့ခိုင်းတယ်။ ဟင်းချိုကိုပဲ မကုန်ကုန်အောင် ဖြစ်ညှစ်သောက်တယ်။ ညသိပ်နက်သွားလို့ ဗိုက်ပြန်ဆာရင် တတ်နိုင်သမျှ မစားဘူး။ အိပ်မပျော်ရင် ငှက်ပျောသီး တစ်လုံးစား ရေသောက်တယ်။ မအိပ်ရင် နောက်နေ့ ပိုစားချင်သောက်ချင် ဖြစ်တယ်ဆိုလို့ ညကို စောစောအိပ်တယ်။ လမ်းလျှောက်ထားရင် ပိုအိပ်ပျော်တယ်။

ထမင်းကို နည်းနည်း အရွက်များများစားတယ်။ အတူတူပါပဲ ဗိုက်ဝတာပဲ။ ဟင်းချိုနဲ့ ထမင်းဖြူကို ပိုစားဖြစ်တယ်။ ကိတ်မုန့် ရေခဲမုန့်လုံးဝ မစားတော့ဘူး။ အာလူးကြော် မစားဘူး။ ကွတ်ကီးမစားဘူး။ အချိုရည်မသောက်ဘူး။ ကော်ဖီကို ကော်ပီအိုရှူးတိုင် သောက်တယ်။ ကော်ဖီကြမ်းကို သကြားလျှော့ခိုင်းတာ။

ညတိုင်း နာရီဝက်လောက် မဖြစ်မနေလမ်းလျှောက်တယ်။ မစားတော့လည်း မစားပဲ နေနိုင်လာတယ်။ အသည်းအသန်ကြီး ဆာလောင်မနေဘူး။ နို့ပါမသောက်တော့ဘူး။ ဒိန်ချဉ်သောက်တယ်။ မနက်စာကို Mr.Bean ကပဲနို့သောက်ရင် ပုလဲ မထည့်ခိုင်းတော့ဘူး။ ဗိုက်နည်းနည်းကျသွားတယ်။ လူက ပိုပေါ့ပါးတယ်။ ကိုယ့်ကိုကိုယ် မှန်ထဲမှာ ကြည့်ရင် စိတ်ချမ်းသာတယ်။ ပစ်ထားရတဲ့ အ၀တ်တွေ ပြန်ဝတ်လို့ရတယ်။ ဂျင်းဘောင်းဘီ ပြန်ဝတ်နိုင်တယ်။

ဗိုက်ခေါက်ကတော့ ရှိတုန်းပဲ ဒါပေမယ့် နည်းနည်း ဖုံးလို့ ဖိလို့ရလာပြီ။ အလေးချိန်ကတော့ သိသိသာသာမကျဘူး။ လေ့ကျင့်ခန်း လုပ်ရင် ကြွက်သားက အဆီထက်လေးလို့ အလေးချိန်မကျဘူးထင်ရတယ် ဆိုတဲ့ စကားကို ကိုးကားပြီး ဖြေသိမ့်တယ်။ ဒါပေမယ့် BMI ကိုပုံမှန် Range ထဲ ပြန်ဝင်အောင် နောက်ထပ် ခြောက်ကီလိုလောက် ကျဖို့လိုသေးတယ်။

အိမ်နားက ပန်းခြံက လှေကားကို တက်လိုက်ဆင်းလိုက်လုပ်တယ်။ အရင်က သိပ်ပင်ပန်းတယ် ထင်တယ်။ စိတ်ဆောင်လို့လား မသိ။ ခုတော့ ဆယ်ခေါက်လောက်တော့ တက်နိုင်ဆင်းနိုင်တယ်။ ရောဂါ ရောဂါ အတော်သည်းနေတယ်။

Waka Waka ကြည့်ပြီး သူ့လောက် ကိုယ်လုံး မလှနိုင်တော့ရင်တောင်မှ ဒီရုပ်ဒီရည်ကြီးတော့ မဖြစ်သင့်ဘူးလို့ ကိုယ့်ကိုကိုယ် ကြိမ်းမောင်းတယ်။ မှန်ထဲမှာ ကိုယ့်ကိုယ်ကို ကြည့်ပြီး စိတ်ဆင်းရဲ ခံနေမယ့် အစားတော့ တခုခုလုပ်ဖို့ သင့်ပြီ စဉ်းစားတယ်။ ကျန်းမာရေးလည်း အရေးကြီးသေးတယ်။

သူငယ်ချင်းကပြောတယ်။ ယောက်ျားနောက်မိန်းမယူရင် အဲဒါတွေတောင် လုပ်စရာ မလိုဘူး အလိုလိုကျတယ်တဲ့။ သူပြောမှ သံဝေဂရသွားတယ်။ အဲလိုများဆိုရင် ငါဦးအောင် ယူလို့ရအောင် ပိန်အောင် အရင်လုပ်ထားသင့်တယ်လို့ ဟဲဟဲ။ အဂျစ်ကို ရှေ့လ သူ့မွေးနေ့ မတိုင်ခင် မွေးနေ့ လက်ဆောင်အဖြစ် ပိန်အောင် လုပ်မယ်ပြောထားတယ်။ ချောင်ထိုးအ၀တ်တွေလည်း ပြန်တော် ပိုက်ဆံလည်း မကုန် အဟက်ဟက် အကြံမပိုင်လား။