Thursday, December 16, 2010

ကလေးလေးရေ

ကလေးလေးရေ
မေမေက သားလေးလား သမီးလေးလား မသိရသေးတဲ့ အချိန်ဆိုတော့ ကလေးလေးရေ ပဲခေါ်လို့ရဦးမယ်။ နောက်တပါတ် ဆရာဝန်နဲ့တွေ့တဲ့ အခါတော့ သိရမယ်ထင်ပါရဲ့ကလေးရယ်။ ဒီနေ့နဲ့ဆို ကလေးလေးရဲ့ဖေဖေ ခရီးထွက်ရတာ ရက်၂၀တောင်ရှိပြီ ကလေးရယ်။ မေမေကတော့ စထွက်တဲ့ ရက်ထဲက ၂ပါတ်ကို လက်ချိုးရေပြီးစောင့်နေရလို့လားပဲ ခြောက်ရက်လောက် စွန်းလာတာ အကြာကြီးလိုပါပဲ။

ကိုယ်ဝန်ဆောင်ချိန်မှာ ငိုရင် မကောင်းဘူးတဲ့ ကလေးရယ်။ မေမေကတော့ ကျိတ်လည်းငိုရတယ်။ မျက်ရည်ပေါက်ပေါက်ကျပြီး အသံတိတ်ငိုတဲ့ အခါလည်း ငိုရတယ်။ ကလေးလေးဖေဖေမရှိတုန်းမှ အဆင်မပြေတာတွေကလည်း ကြုံနိုင်လွန်းတယ် ကလေးရယ်။ မေမေက အခု အရင်လို မဟုတ်ပဲ စိတ်သိပ်အားနည်းတာပဲ။ ထစ်ကနဲဆို ငိုချင် ထစ်ကနဲဆို ဒေါသထွက်ချင်။ အဆင်မပြေတာတွေ တွေ့တိုင်း ကလေးဖေဖေသာ အနားမှာရှိရင်လို့ တွေးမိရင် ငိုမိပြန်ရော။

ကလေးဖေဖေက မေမေ့ကို ကလေးလေးအတွက် မေမေတို့ နှစ်ယောက်လုံး သည်းခံနေရမယ်လို့ပြောတယ်။ မေမေလေ တခါတလေများ လူပင်ပန်းသာ ခံလိုက်ချင်တယ် စိတ်ပင်ပန်းမခံချင်ဘူး ကလေးရယ်။ ကလေးလေးဖေဖေကတော့ အလုပ်ကိစ္စက တဖက် မြန်မာပြည်ရောက်တုန်း ကိုယ်တိုင်ရှင်းခဲ့ရမယ့် ကိုယ်ရေးကိုယ်တာ ကိစ္စတွေနဲ့ ဗျာများလှရှိတော့မယ်။ ပင်ပန်းလှတော့မယ်။ မေမေလည်း အရင်လို သွားသမျှနေရာ တလွှားလွှားလိုက်ပြီး လိုအပ်သမျှကူညီချင်ပေမယ့် မဖြစ်ပြန်ဘူး ကလေးရယ်။

မေမေ့ကို ကလေးလေးဖေဖေက ကလေးအမေပဲ ဖြစ်တော့မယ် ကလေးလုပ်ချင်တုန်းလို့ စတတ်တယ်။ မေမေ့ကို မေမေ သိပ်စိတ်မာတယ် ထင်ထားသမျှ ခုတော့ တက်တက်စင်လွဲတာပဲ ကလေးရယ်။ မေမေလေ ကလေးလေးဖွားဖွားကိုလည်း သိပ်လွမ်းတာပဲ။ အခုလို ဖေဖေအနားမှာ မရှိတုန်း အမေ့ရင်ခွင်ထဲ ၀င်ပြီး စိတ်ညစ်တဲ့အခါလည်း ငိုနေလိုက်ချင်တယ်။ စိတ်ပျော်စရာကြုံလည်း သားအမိတွေ ရယ်ပွဲဖွဲ့နေလိုက်ချင်တယ်။

ကလေးလေး မေမေတို့ဆီလာကာနီးတဲ့အခါ မေမေက ရုံးက ခွင့်အကြာကြီး ယူရဦးမှာလေ။ အခုတော့ ကလေးဖွားဖွားတို့ ဖိုးဖိုးတို့ဆီသွားချင်လည်း မေမေ မျိုသိပ်ထားရဦးမယ် ကလေးရယ်။ ကလေးဖွားတို့ ဖိုးတို့ဆီ ဖုန်းဆက်ရင် ငိုသံမပေါက်အောင် မေမေ ကြိုးစားစကားပြောရသေးတယ် ကလေးရယ်။ ကလေးလေးဖေဖေ့ဆီကို ဖုန်းဆက်ရင် မငိုမိအောင် စာနဲ့ပဲ စကားပြောရတယ်ကလေးရယ်။

မေမေစိတ်က အခုဆို အထိမခံ သိပ်နုတာပဲ။ ဒေါသလည်း သိပ်ကြီးတာပဲ။ ဒေါသတွေ သိပ်ထွက်ပြီး အော်မိဟစ်မိရင် ကလေးလေးက မေမေ့ အသံကြားပြီး လန့်များသွားမလားတွေးမိရင် သိပ်စိတ်ပူတာပဲကလေးရယ်။ မေမေ့ကလေးလေးကို မထိခိုက်ရအောင် မေမေသိပ်စိတ်မတိုမိအောင် ကြိုးစားနေရဦးမယ်ကလေးရေ။ ကလေးလေးဖေဖေပြန်လာတဲ့ ရက်ထိ နေ့တိုင်းကို သည်းခံပြီး နောက်ထပ်စိတ်မတိုမိအောင် နေရဦးမယ် ကလေးလေးရယ်.

မေမေ့ကလေးလေးကို မေမေမမြင်ရသေးဘူး ဆရာဝန်ဆီ သွားတုန်း ကလေးနှလုံးခုန်သံလေးကြားရရုံ Ultrasound ဓာတ်ပုံ မှုန်မှုန်ဝါးဝါးလေးကို ကြည့်ရရုံလေးနဲ့တောင် ချစ်လို့မဆုံးဘူး ကလေးရယ်။ ခုဆို ကလေးလေးလည်း မေမေ့ဗိုက်ထဲမှာ နေရတာ ကျပ်လာလို့လား။ ညဆို ကလေးလေးက မအိပ်ဘူး။ မေမေ့ကလေ အိပ်ရေးပျက်တာ သိပ်ဂရုမစိုက်ပါဘူး။ အရင်ကလည်း အလုပ်ရှိရင် ညလုံးပေါက် ကွန်ပျူတာရှေ့မိုးလင်းနေကျပဲ။ ဒါပေမယ့် အခုတော့ ကလေးလေး ဥာဏ်ရည်ထိခိုက်မှာ ကလေးလေး ဖွံဖြိုးမှူနှေးသွားမှာ တွေးပြီးပူရတာ တမျိုး ကလေးလေးဖေဖေကို လွမ်းရတာတမျိုး။ အိပ်မပျော်တဲ့ညတွေဟာ သိပ်ပင်ပန်းတာပဲ ကလေးရယ်။

စာထဲမှာ ဖတ်ရတာ ကလေးလေးက ဒီအချိန် အပြင်က အသံတွေကြားနေရပြီတဲ့။ မေမေက ကလေးလေးကို စကားပြောပေးရမယ်။ သီချင်းဆိုပြရမယ်တဲ့ ကလေးလေးရေ။ ကလေးကတော့ မေမေ့ငိုသံတွေပဲ ကြားနေရလို့ စိတ်ပျက်နေမလား စိတ်မကောင်း ဖြစ်နေမလားပဲ ကလေးရယ်။

ကလေးလေးနဲ့ မေမေက စိတ်ချင်းဆက်နေတယ်ဆိုလို့ မေမေ စိတ်ဓာတ်မကျမိအောင် စိတ်မညစ်မိအောင် ကြိုးစားပြီးနေပါဦးမယ် ကလေးရယ်။ မေမေက မလိမ်မာဘူးကလေးရယ်။ ကလေးလေးကမှ ဖေဖေမသွားခင်မှာသွားသလို မေမေ့ကို သိပ်မဆိုးနဲ့ဆိုတဲ့အတိုင်း မေမေကို့ အရေးပေါ်ဆေးခန်းတခါမှ ထမပြေးရအောင် နေပေးသေးတယ်နော်။ မေမေကတော့ ကလေးလေးကို တာဝန်မကျေလှဘူး။ ဘာပဲဖြစ်ဖြစ် မေမေ့ကလေးလေးကို သိပ်ချစ်တဲ့စိတ်နဲ့ မေမေကြိုးစားပြီး စိတ်ကို ထားတတ်အောင် နေပါဦးမယ်ကလေးရေ။

6 comments:

  1. မိခင်လောင်းတယောက်ရဲ့ စကားလေးတွေက ကြည်နူးစရာ.. အားမငယ်ပါနဲ့.. ကလေးလေးအတွက် အားတင်းထားမှပေါ့.. ကိုယ်ဝန်က ဘယ်နှလရသွားပြီလဲ.. ကလေးလေးရော မေမေရော ကျန်းမာပါစေနော်.. :)

    ReplyDelete
  2. ကျေးဇူးတင်ပါတယ်။ ငါးလကျော်ပြီ ညီမလေး။ နောက်တပါတ် ဆေးခန်းသွားရင် သားလေးလား သမီးလေးလား သိရပြီ မှတ်တာပဲ။

    ReplyDelete
  3. မင်္ဂလာပါအိရေ

    တို့ မိန်းမတွေက စိတ်ဓာတ်မာပေမဲ့ ကိုယ်ဝန်ဆောင်တဲ့အချိန်မှာတော့ အားငယ်တတ်၊ အထိအခိုက်လွယ်တတ်တာ အမှန်ပါ။
    မွေးပြီးရင်လည်း အရင်နဲ့ မတူပဲ စိတ်ပိုင်းဆိုင်ရာ နည်းနည်းပြောင်းတတ်တယ်။
    စိတ်ထိခိုက်စရာတွေ မတွေးစေချင်ပါဘူး။ တို့တုန်းကတော့ နည်းနည်း စိတ်ထိခိုက်စရာကြုံလိုက်တော့ စိတ်က အတော်လေး ပြန်လုပ်ယူရတယ်။
    စိတ်ပျော်ရွှင်ချမ်းမြေ့ပြီး နေကောင်း ကျန်းမာဖို့ ဆုမွန်ကောင်းတောင်း လိုက်ပါတယ်။

    ချစ်တဲ့
    ဖြူ

    ReplyDelete
  4. ကျေးဇူးတင်ပါတယ် ဖြူ။

    ReplyDelete
  5. အိရေ...
    လင့်လေးတွေ့လို့ လိုက်လာခဲ့တယ်...
    နှစ်သစ်မှာ ပျော်ရွှင်ပါစေကြောင်း ဆုတောင်းပေးရင်း ရင်သွေးလေးအတွက်ပါ ကြည်နူးပေးသွားပါတယ်..။
    လင့်ချိတ်ထားလိုက်မယ်နော်...

    ReplyDelete
  6. မမ(ခင်ဦးမေ)ဘလော့ဂ်ရိုးလ်မှာတွေ့လို့ လာပါတယ်။
    မွေးပြီလားတော့ မသိဘူး။
    အဆင်ပြေပါစေ.။

    ပေါက်

    ReplyDelete