Tuesday, November 10, 2009

မြန်မာလို နေချင်တယ်။

ခုတလော ဘာရောဂါထနေမှန်း မသိဘူး။ ရုံးသွားကာနီး အ၀တ်အစားရွေးရင် မြန်မာလို တော်တော်ဝတ်ချင်နေတယ်။ ပြီးခဲ့တဲ့ လက မြန်မာပြည် ခဏပြန်ဖြစ်တော့ ဘာရယ်မဟုတ် ရှမ်းရင်ဖုံးလေးတွေ ၀ယ်လာမိတယ်။ ဒီမှာတရားပွဲသွားတာလောက်က လွဲပြီး ၀တ်စရာ လမ်းလည်း သိပ်မရှိပဲနဲ့။ မှတ်မှတ်ရရ ၀မ်းဆက်လည်း နှစ်စုံ သုံးစုံ ချုပ်လာဖြစ်သေးတယ်။ လူက နည်းနည်း ၀ချင်လာလို့ ချပ်ချပ်ရပ်ရပ်ရှိမယ့် မြန်မာ ၀တ်စုံဝတ်ချင်လာတာလည်း ဖြစ်နိုင်တယ်။ ဘောင်းဘီရှည်တွေ ဆိုဒ်မတော်လို့ ခဏခဏ အသစ်ဝယ်ရတာ မုန်းလာတာလည်း ပါမယ်ထင်တယ်။ နက်ပြာရောင် ၀မ်းဆက်လေး ၀တ်လိုက်ရင် လူက နည်းနည်းသေးသွားသလို ထင်ရတာကြောင့်လည်း ဖြစ်လိမ့်မယ်။

တခါတလေလည်း စတိုင်ပန်နဲ့ တွဲပြီး ရှမ်းရင်ဖုံးလေးတွေ ၀တ်ဖြစ်တယ်။ အပေါ်က တစ်ထပ် အမြဲတမ်းဝတ်ထားတော့လည်း ဘာဝတ်ထားမှန်းတောင် သိကြမယ် မဟုတ်ပါဘူး။ တရက်လောက်တော့ ချုပ်လာတဲ့ ၀မ်းဆက်ကို ၀တ်သွားဦးမယ် စိတ်ကူးတယ်။ သောကြာလို နေ့မျိုးဖြစ်ဖြစ်ပေါ့။ ပုဝါခြုံလည်း ဒီက ပျော့ပျော့ပါးပါးလေးတွေကို အရင်ကကြိုက်ပေမယ့် အခု မေမြို့က ၀ယ်လာတဲ့ ထူထူထဲထဲ အဘွားကြီး ဒီဇိုင်းတွေကို ပိုခြုံဖြစ်နေတယ်။

မနက်တိုင်း မြန်မာ ၀တ်စုံတွေကို ဘီရိုထဲက ထုတ်ထုတ်ပြီးမှ စိတ်ထဲက ဝေခွဲမရပဲ တခြားဟာတွေ ၀တ်ဝတ်သွားမိနေတယ်။ ရုံးကလည်း အကြီးကြီးလည်း မဟုတ်ပါဘူး။ ယူနီဖောင်းလည်းမရှိပါဘူး။ ဘာလို့ ကိုယ်ဝတ်ချင်တာ မ၀တ်ရဲရတာလဲလို့လည်း တွေးတွေးနေမိတယ်။ တကယ်တော့ အများကြားထဲမှာ တယောက်တည်း ထူးထူးခြားခြားကြီး ဖြစ်မနေချင်တာပါ။ ဒါပေမယ့် ၀တ်ချင်တဲ့ ဆန္ဒတော့ တော်တော်ကို ပြင်းပြနေတယ်။

နေ့လည်စာစားလည်း နှစ်ဘူတာလောက် ရထားစီးပြီး ပနစူလာမှာ သွားစားချင်နေတယ်။ တကယ်တမ်းတော့ မစားဖြစ်ပါဘူး။ ရုံးကလူတွေနဲ့ တဖွဲ့ကြီး သွားရတာ အလေ့အထလို ဖြစ်နေတော့ ငါ့ဘာသာငါ သက်သက်သွားမယ် ပြောရမှာ တမျိုးကြီးဖြစ်နေတယ်။ လိုက်လိုက်သွားပြီး စားနေကျတွေ စားတာကိုပဲ စိတ်ထဲ မစားချင်ပဲဖြစ်နေတယ်။ သူတို့လည်း တခါခေါ်သွားပြီး ဧရာဝတီမှာ ကြေးအိုးဆီချက် လိုက်ကျွေးဖြစ်သေးတယ်။ ဒါပေမယ့် အပြင်ထွက်ကာနီး ဆိုင်ရွေးရင် တရုပ်ဆိုင်ပဲ ဖြစ်ဖြစ်နေတာ များတယ်။ အလုပ်ပါးတဲ့ ရက်များဆို ၀ူလန်း၊ ကလန်းမန်းတီး၊ တျုံ ဘာရူလောက်ထိ သွားစားဖြစ်ပေမယ့် ပနစူလာသွားစားကြဖို့ကို ဘာရယ်မသိ ပြောမထွက်ဖြစ်နေတယ်။

စကားပြောလည်းနေ့တိုင်း တရုပ်သံတွေပဲ ကြားနေရကျ အင်္ဂလိပ်လိုပဲ ပြောနေကျကနေ မြန်မာလို အားရပါးရ စကားပြောချင်နေတယ်။ နားလည်တချက် မလည်တချက် စကားတွေကို နားထောင်စဉ်းစားနေရတာကို ညည်းငွေ့လာတာလည်း ပါမယ်။ ရုံးကလူတွေနဲ့လည်း အဆင်ပြေပါတယ်။ စိတ်ဓာတ်ပြည့်တဲ့ သူတွေနဲ့ အလုပ်လုပ်ရတာ စိတ်ချမ်းသာပေမယ့် ကိုယ်နဲ့ စိတ်တူကိုယ်တူ အတွေးတူ အကျင့်တူ မြန်မာ တစ်ယောက်လောက် အလုပ်ထဲ ရှိစေချင်သလိုဖြစ်နေတယ်။

နေ့လည် ထမင်းစားတုန်းမှာ မြန်မာတွေနဲ့ စကားထိုင်ပြောချင်တယ်။ မြန်မာထမင်းဟင်းနဲ့ နေ့တိုင်းစားချင်နေတယ်။ မြန်မာလို ၀တ်ပြီးတော့ပေါ့။ အီးမေးလ်ရေးရင်လည်း မြန်မာလို ရေးချင်တယ်။ ရုံးက Things To Do List ကိုတောင် မြန်မာလို ရေးထားဖြစ်တယ်။ အီးမေးလ်တွေကိုလည်း မြန်မာလို ဖတ်ချင်တယ်။ သတင်းစာဖတ်လည်း မြန်မာလိုဖတ်ချင်တယ်။ ရုံးမှာလည်း တခါတခါ မြန်မာလို ယောင်ယောင်ပြီး ထွက်ထွက်သွားတတ်သေးတယ်။ အဲဒါကြောင့် ပြောတာပါ။ ခုတလော မြန်မာရောဂါထနေပါတယ်လို့။ မြန်မာပြည်ပြန်ပြီး မုန့်ဟင်းခါးပဲ သွားရောင်းစားရင် ကောင်းမလားလဲ ဟိုတလောက စဉ်းစားနေမိသေးတယ်။ မြန်မာပြည်က ပြန်လာတာ မကြာသေးလို့ အနာမကျက်သေးတာလည်း ဖြစ်ချင်ဖြစ်မယ်။ အင်း...