Tuesday, November 10, 2009

မြန်မာလို နေချင်တယ်။

ခုတလော ဘာရောဂါထနေမှန်း မသိဘူး။ ရုံးသွားကာနီး အ၀တ်အစားရွေးရင် မြန်မာလို တော်တော်ဝတ်ချင်နေတယ်။ ပြီးခဲ့တဲ့ လက မြန်မာပြည် ခဏပြန်ဖြစ်တော့ ဘာရယ်မဟုတ် ရှမ်းရင်ဖုံးလေးတွေ ၀ယ်လာမိတယ်။ ဒီမှာတရားပွဲသွားတာလောက်က လွဲပြီး ၀တ်စရာ လမ်းလည်း သိပ်မရှိပဲနဲ့။ မှတ်မှတ်ရရ ၀မ်းဆက်လည်း နှစ်စုံ သုံးစုံ ချုပ်လာဖြစ်သေးတယ်။ လူက နည်းနည်း ၀ချင်လာလို့ ချပ်ချပ်ရပ်ရပ်ရှိမယ့် မြန်မာ ၀တ်စုံဝတ်ချင်လာတာလည်း ဖြစ်နိုင်တယ်။ ဘောင်းဘီရှည်တွေ ဆိုဒ်မတော်လို့ ခဏခဏ အသစ်ဝယ်ရတာ မုန်းလာတာလည်း ပါမယ်ထင်တယ်။ နက်ပြာရောင် ၀မ်းဆက်လေး ၀တ်လိုက်ရင် လူက နည်းနည်းသေးသွားသလို ထင်ရတာကြောင့်လည်း ဖြစ်လိမ့်မယ်။

တခါတလေလည်း စတိုင်ပန်နဲ့ တွဲပြီး ရှမ်းရင်ဖုံးလေးတွေ ၀တ်ဖြစ်တယ်။ အပေါ်က တစ်ထပ် အမြဲတမ်းဝတ်ထားတော့လည်း ဘာဝတ်ထားမှန်းတောင် သိကြမယ် မဟုတ်ပါဘူး။ တရက်လောက်တော့ ချုပ်လာတဲ့ ၀မ်းဆက်ကို ၀တ်သွားဦးမယ် စိတ်ကူးတယ်။ သောကြာလို နေ့မျိုးဖြစ်ဖြစ်ပေါ့။ ပုဝါခြုံလည်း ဒီက ပျော့ပျော့ပါးပါးလေးတွေကို အရင်ကကြိုက်ပေမယ့် အခု မေမြို့က ၀ယ်လာတဲ့ ထူထူထဲထဲ အဘွားကြီး ဒီဇိုင်းတွေကို ပိုခြုံဖြစ်နေတယ်။

မနက်တိုင်း မြန်မာ ၀တ်စုံတွေကို ဘီရိုထဲက ထုတ်ထုတ်ပြီးမှ စိတ်ထဲက ဝေခွဲမရပဲ တခြားဟာတွေ ၀တ်ဝတ်သွားမိနေတယ်။ ရုံးကလည်း အကြီးကြီးလည်း မဟုတ်ပါဘူး။ ယူနီဖောင်းလည်းမရှိပါဘူး။ ဘာလို့ ကိုယ်ဝတ်ချင်တာ မ၀တ်ရဲရတာလဲလို့လည်း တွေးတွေးနေမိတယ်။ တကယ်တော့ အများကြားထဲမှာ တယောက်တည်း ထူးထူးခြားခြားကြီး ဖြစ်မနေချင်တာပါ။ ဒါပေမယ့် ၀တ်ချင်တဲ့ ဆန္ဒတော့ တော်တော်ကို ပြင်းပြနေတယ်။

နေ့လည်စာစားလည်း နှစ်ဘူတာလောက် ရထားစီးပြီး ပနစူလာမှာ သွားစားချင်နေတယ်။ တကယ်တမ်းတော့ မစားဖြစ်ပါဘူး။ ရုံးကလူတွေနဲ့ တဖွဲ့ကြီး သွားရတာ အလေ့အထလို ဖြစ်နေတော့ ငါ့ဘာသာငါ သက်သက်သွားမယ် ပြောရမှာ တမျိုးကြီးဖြစ်နေတယ်။ လိုက်လိုက်သွားပြီး စားနေကျတွေ စားတာကိုပဲ စိတ်ထဲ မစားချင်ပဲဖြစ်နေတယ်။ သူတို့လည်း တခါခေါ်သွားပြီး ဧရာဝတီမှာ ကြေးအိုးဆီချက် လိုက်ကျွေးဖြစ်သေးတယ်။ ဒါပေမယ့် အပြင်ထွက်ကာနီး ဆိုင်ရွေးရင် တရုပ်ဆိုင်ပဲ ဖြစ်ဖြစ်နေတာ များတယ်။ အလုပ်ပါးတဲ့ ရက်များဆို ၀ူလန်း၊ ကလန်းမန်းတီး၊ တျုံ ဘာရူလောက်ထိ သွားစားဖြစ်ပေမယ့် ပနစူလာသွားစားကြဖို့ကို ဘာရယ်မသိ ပြောမထွက်ဖြစ်နေတယ်။

စကားပြောလည်းနေ့တိုင်း တရုပ်သံတွေပဲ ကြားနေရကျ အင်္ဂလိပ်လိုပဲ ပြောနေကျကနေ မြန်မာလို အားရပါးရ စကားပြောချင်နေတယ်။ နားလည်တချက် မလည်တချက် စကားတွေကို နားထောင်စဉ်းစားနေရတာကို ညည်းငွေ့လာတာလည်း ပါမယ်။ ရုံးကလူတွေနဲ့လည်း အဆင်ပြေပါတယ်။ စိတ်ဓာတ်ပြည့်တဲ့ သူတွေနဲ့ အလုပ်လုပ်ရတာ စိတ်ချမ်းသာပေမယ့် ကိုယ်နဲ့ စိတ်တူကိုယ်တူ အတွေးတူ အကျင့်တူ မြန်မာ တစ်ယောက်လောက် အလုပ်ထဲ ရှိစေချင်သလိုဖြစ်နေတယ်။

နေ့လည် ထမင်းစားတုန်းမှာ မြန်မာတွေနဲ့ စကားထိုင်ပြောချင်တယ်။ မြန်မာထမင်းဟင်းနဲ့ နေ့တိုင်းစားချင်နေတယ်။ မြန်မာလို ၀တ်ပြီးတော့ပေါ့။ အီးမေးလ်ရေးရင်လည်း မြန်မာလို ရေးချင်တယ်။ ရုံးက Things To Do List ကိုတောင် မြန်မာလို ရေးထားဖြစ်တယ်။ အီးမေးလ်တွေကိုလည်း မြန်မာလို ဖတ်ချင်တယ်။ သတင်းစာဖတ်လည်း မြန်မာလိုဖတ်ချင်တယ်။ ရုံးမှာလည်း တခါတခါ မြန်မာလို ယောင်ယောင်ပြီး ထွက်ထွက်သွားတတ်သေးတယ်။ အဲဒါကြောင့် ပြောတာပါ။ ခုတလော မြန်မာရောဂါထနေပါတယ်လို့။ မြန်မာပြည်ပြန်ပြီး မုန့်ဟင်းခါးပဲ သွားရောင်းစားရင် ကောင်းမလားလဲ ဟိုတလောက စဉ်းစားနေမိသေးတယ်။ မြန်မာပြည်က ပြန်လာတာ မကြာသေးလို့ အနာမကျက်သေးတာလည်း ဖြစ်ချင်ဖြစ်မယ်။ အင်း...

11 comments:

  1. ပေါ်တော်မူ....ဘယ်ပျောက်နေတာလဲ။

    ReplyDelete
  2. မြန်မာပြည်ခဏပြန်တာ မမွန်။

    ReplyDelete
  3. ဪ ပျောက်နေပါတယ် အောက်မေ့နေတာ အမိမြေပြန်နေတာကိုး။
    ဟုတ်တယ် ခရေညို လည်းရုံးမှာ တစ်ခါတစ်လေ မြန်မာဝတ်စုံ ကို ဝတ်ချင်စိတ်ပေါက်တယ် :)

    ReplyDelete
  4. ဘောင်းဘီ ၀တ်ပြီး သွားရ လာရတာ အစဉ်ပြေတယ်တဲ့ ဘောင်းဘီ ၀တ်ချင်ပြန်မယ် ထင်တယ်။

    ရုပ်ရှင်ထဲမှာ ပေါင်မုန့်နဲ့ ကြက်ဥကြော်နဲ့ ဓါးနဲ့ခရင်းနဲ့ ချောကလက် ထောပတ်နဲ့ သူဌေးစာ ဆိုပြီး ရိုက်ပြသလိုပေါ့။


    မအယ်

    ReplyDelete
  5. စာက ပြတ်ကျန်ခဲ့တယ်။

    ဝေး တသက်သက် ဆိုတာ ဒါမျိုးကို ပြောတာနေမှာလို့။

    မအယ်လည်း ကျောင်းတက်တုန်းက မြန်မာ ၀တ်စုံ ၀တ်တယ်။
    နွေဆို ကချင် လုံခြည်ဝတ်ပြီး ဈေးတွေ ဘာတွေ သွားဖြစ်တယ်။
    နောက် ဗမာပြည် ပြန်ရောက်ရင်တော့ အပေါ်က ကော့မန့် ဆက်ဖတ်ပါ။
    :) မအယ်

    ReplyDelete
  6. လာလည်ပါတယ် ညိမလေးရေ တို့ဖြစ်ချင်နေတာကို အတိကျရေးထားသလိုဖြစ်တဲ့ အတွက် ကော်မန့် မပွတ်ပဲ မနေနိုင်တော့ဘူး.... :)

    ReplyDelete
  7. တို့ဖြစ်နေတာနဲ့ တထပ်ထဲတူနေပါလားနော်။ ရုံးက စီးတီးဟောနဲ့ 2ဘူတာပဲဝေးတယ်ဆိုတော့ အောချတ်မှာလားဟင်။ ဒါလဲ တူနေအုံးမလားလို့ပါ။ ခံစားချက်တွေတူနေတာတွေ့လို့ ကော်မန့် မရေးစဖူးရေးလိုက်တာပါ။

    ReplyDelete
  8. ပို့စ်တွေအကုန်လုံးကို အစအဆုံး ထိုင်ဖတ်ဖြစ်တယ် ပို့စ်တိုင်းကိုလည်း ဖတ်ပြီး ပြုံးဖြစ်တယ် နောက် အားရပါးရရယ်မိတယ်..ကော့်မန့်တွေက သူတို့နဲ့တူတယ်လို့မန့်ခဲ့တယ် သိလား တို့လည်း တို့အဖြစ်တွေနဲ့ တစ်ပုံစံတည်းဖြစ်နေတယ် ဟီးဟီး

    တို့တောင် အခု ညီမလေးကို လှမ်းပြောနေတယ် သူ မဆုကို စောင်းရေးထားတာဖြစ်မယ်လို့ ဗမာအကျီဝတ်ချင်တာ ငယ်ငယ်က ငါးဖောင်ရိုးဖြစ်ပီး အရမ်းဝလာတာ..လုပ်ငန်းခွင်မှာ နောက်ကျာကို ပုဆိန်နဲ့ခုတ်ခံရတာ အားလုံးနီးပါး ထပ်တူပဲသိလား ခံစားလိုက်ရတာ တစ်ခုက အခုက အပြင်ရောက်နေတဲ့သူတွေအကုန်လုံး မှာ ခံစားချက်တွေ ထပ်တူ ဖြစ်နေတာ ဖြစ်မယ်.. စာအရေးအသားအရမ်းကောင်းတယ် စိတ်ဝင်စားစရာလေးရေးထားတာ အားပေးနေမယ်နော်

    ReplyDelete
  9. မြန်မာအစားအစာတွေဘဲ အမြဲစားချင်တယ်.... မြန်မာသူငယ်ချင်းတွေနဲ့ဘဲတွေ့ချင်တယ်.... မြန်မာစာတွေဘဲရေးချင်တယ်... မြန်မာလိုတော့ ဝတ်ချင်ပေမဲ့ မဝတ်ဖို့စဉ်းစားထားတယ်... သူများဝိုင်းကြည့်မှာ စိုးလို့....

    ReplyDelete
  10. အစ်မလည်မျက်စီလည်လမ်းမှာပြီး ညီမလေးblogထဲရောက်လာတယ်။
    သို့သော်လည်း ချစ်စရာကောင်းတဲ့ မြန်မာမိန်းမပျိုလေးများရဲ့ အတွေး
    အခေါ်တွေကို သဘောကျနှစ်သက်လို့ comment ရေးပေးခဲ့ပါတယ်။

    ReplyDelete
  11. အင်း မုန့်ဟင်းခါးရောင်းရင်တော့ အလကားလာစားပစ်မယ်၊ ဟဲဟဲ

    ReplyDelete