Monday, May 18, 2009

ဝသောသူကို...

French fries တွေစားရင်တဲ့ ကင်ဆာဖြစ်တတ်တယ်တဲ့။ ဆီကြော်တွေ မစားနဲ့တဲ့။ ဟမ်ဘာဂါမစားနဲ့တဲ့ ခြေသလုံးကြီးမယ်တဲ့။ ကြက်အရေခွံ ၀က်အခေါက်တွေတဲ့ မစားသင့်ဘူးတဲ့။ ရောဂါတွေတဲ့ အဲဒိမှာစုနေတယ်တဲ့။ ဂျူံနဲ့လုပ်တွေမုန့်တွေ စားရင်တဲ့ ပိုဝတယ်တဲ့။ ညနေခုနှစ်နာရီကျော်ရင်တဲ့ ဘာမှမစားနဲ့တော့တဲ့။ ဆီတွေကို တခါချက်ကြော်ပြီင်္းရင် သွန်ပစ်တဲ့ အဆိပ်ဖြစ်တတ်တယ်တဲ့။ ထမင်းစားပြီးရင်တဲ့ အအေးတွေ Juice တွေတဲ့ ရေခဲရေတဲ့ မသောက်ရဘူးတဲ့။ ပိုဝတယ်တဲ့။ ရေနွေးကြမ်းပဲသောက်တဲ့။ ရေနွေးကြမ်းသောက်ရင် ဆားခတ်သောက်ဦးတဲ့။ ထမင်းစားပြီးပြီးချင်းတဲ့ ထိုင်မနေနဲ့တဲ့။ ဗိုက်ခေါက်ထူတယ်တဲ့။ လုံးဝသွားမလှဲနဲ့တဲ့ အိပ်ပျော်သွားရင် ဖြေဆေးမရှိတဲ့ (မှတ်ချက်။ အ၀လွန်ခြင်းအတွက်) ။ သကြားလုံးမငုံနဲ့တဲ့။ သကြားတွေတဲ့ ဗိုက်ထဲကို အများကြီး ၀င်ကုန်မယ်တဲ့။ ကော်ဖီမသောက်နဲ့တဲ့ နှို့မှုန့် နို့ဆီင်္ကြောင့် ၀တာတဲ့။ နို့မသောက်နဲ့တဲ့ အဲဒါလည်း ၀တာပဲတဲ့။ မxxxxxxxxxxxxxနဲ့တဲ့ ၀မယ်တဲ့။ xxxxxxxxxx ကိုတော့ ဝေးဝေးကရှောင်တဲ့ အဆီတက်တယ်တဲ့။ xxxxxxxxx ဆို လုံးဝကို မထိနဲ့တဲ့ ဗိုက်ခေါက်ထွက်လာမယ်တဲ့ တဲ့ တဲ့။


အိုများလိုက်တာ ၀သောသူလိုက်နာရတဲ့ စည်းကမ်းတွေ။ ၀လာရင် ဘာမှမကောင်းဘူး။ အဓိက’က စိတ်လည်းမကောင်းဘူး။ အလကားနေရင်း သူများထက် တဆင့်နိမ့်နေသလိုပဲ။ ဂျင်းဘောင်းဘီတွေ ၀တ်ရင် စိတ်ညစ်ရတယ်။ ရင်စီးအကျီလေးတွေ ၀တ်တော့ ရထားပေါ်မှာ နေရာထပေးကြတယ်။ စိတ်နာတယ်။ ၀ဖောင်းကစ်နေတဲ့ မျက်နှာကြီးကို ဖုံးဖိဖို့ ဆံပင်ကို မစီးရဲဘူး။ အစက ၀၀ကစ်ကစ်လေးဆို ချစ်စရာလေးပေါ့လို့ ပြောတဲ့သူလည်း အခုတော့ အသံတွေတိတ်လို့။ ဟွန်း။ အရင်တုန်းက သူပဲ မြှောက်မြှောက်ပေးတာ။


ဟိုက်ရှားပါး ၀လို့ လှလို့ပါလား ကနေစပြီး မေးနှစ်ထပ်ဖြစ်နေပြီနော်။ ထိန်းဦးနော်။ သိပ်တက်လာမှ ပြန်ချရတာ ပိုခက်မယ်။ ၀တာ ကျန်းမာရေးအတွက် မကောင်းဘူး။ လေ့ကျင့်ခန်းတခုခုကို မှန်မှန်လုပ်ပါလား။ ဘောလုံးနဲ့တူလာပြီ။ ၀ပြီးပြန်ကျလည်း ခဏပဲ။ အကောင်းဆုံးက ညနေစာမစားနဲ့တော့။ ယောက်ျားက ပစ်သွားဦးမယ်အထိ အမျိုးစုံ သြဘာပေးကြပါတယ်။ ဆရာဖေမြင့်ရဲ့ ကျန်းမာရေးလိုက်စားခြင်း ၀တ္တုတိုကို အရင်က ဖတ်လို့ကောင်းတဲ့ ရသစာပေအနေနဲ့ ဖတ်ဖူးတာ ဟိုတလောက တခါပြန်ဖတ်တော့ ဘာမဆိုင်ညာမဆိုင် ၀မ်းနည်းစရာ အဆွေးဇာတ်လမ်းတခုလိုမျိုး ခံစားရတယ်။


ဝမယ့်ဝလည်း ငယ်ငယ်တည်းက ၀ပါလား။ ခုလိုကြီး ရုတ်တရက်ကြီး ၀တော့ သူများ ကဲ့ရဲ့စရာ အံ့သြစရာ ဖြစ်တာပေါ့လို့ ကိုယ့်ကိုကိုယ် မုန်းမုန်းနဲ့တွေးမိပါသေးတယ်။ ကိုယ်ကလည်း ကိုယ်ပါပဲ ပိန်တုန်းကလည်း အရိုးပေါ်အရေတင် ပိန်ပြီးတော့ ၀တော့လည်း လူနောက်တစ်ယောက်ပြောင်းလိုက်သလို ရုတ်တရက်ကြီး ဆိုသလိုဆိုတော့ပြောသူများလည်း အပြစ်ဆိုလို့ မရပြန်ဘူး။ အစားအသောက် အကြောင်းရေးတဲ့ ဘလော့ဂ်တွေများ ညဘက်များ အိပ်မပျော်လို့ ဖတ်မိမှာစိုးလို့ ကိုယ့်ဘာသာကိုယ် အကြောက်အကန် ငြင်းဆန် ရတာက ရှိသေး။


မှန်ရှေ့ရောက်ရင် အရှေ့ကကြည့် ဘေးတိုက်ကြည့် နောက်လှည့်ကြည့် ဘယ်လိုကြည့်ကြည့် ၀တာက ၀တာပါပဲကွယ်။ ဘယ့်နှယ့်လုပ်ရပါ့။ ယမန်နှစ်ကိုယ်အလေးချိန် 45ကီလို ယခုနှစ် 54ဆိုသလို ဇွတ်တရွတ်ကို တက်လာတော့တာပါပဲ။ 54ဆိုတာ တော်ရုံတန်ရုံ မြင့်မြင့်မားမားဆို ပြသနာမရှိပေမယ့် ကိုယ့်လို ငါးပေ မရှိတတ် ရှိတတ်ကျတော့ အရုပ်ဆိုးတယ်ကွယ်။ လုံးတစ် တုတ်တိုနေတာပဲလို့ ငယ်ငယ်တုန်းက ကလေးဝတုတ်လေးတွေ တွေ့ရင် အသည်းယားပြီး ပြောမိတာကို သတိရသေးတော့။ သို့သော် ကလေးများသည် ၀လေ ချစ်စရာကောင်းလေ ဖြစ်ပြီး လူကြီးများသည် ၀လေ အီး…. ဟီး…. ဟီး….


တခါတလေကျတော့ သူမ၀လို့ ငါတစ်ယောက်တည်းများ သိမ်းကြုံးဝရသလားလို့ အိမ်ကလူကို မဆီမဆိုင် ဆွဲထည့်ချင်လာပြန်ရော။ ပိန်တဲ့သူများကျတော့လည်း အထက်ပါစည်းကမ်းများကို မလိုက်နာလေ ပိုပိန်လေလားလို့ နားမလည်နိုင်အောင် ဖြစ်ရပြန်ရော။ သူလည်း နည်းနည်း ၀ချင်ဝပါစေ ဆိုတဲ့ စိတ်ယုတ်လေးနဲ့ ကြက်ကြော်စားရင် သူ့ကို အရေခွံတွေ ခွာကြွေးပါတယ်။ ၀က်သားသုံးထပ်သားချက်ရင် အသားတွေ ကိုယ်စားပြီး အဆီတွေကို စေတနာရှေ့ထားစားစေပါတယ်။ သို့သော် စေတနာသည် တူသော အကျိုးကို ပေးဧ။်တဲ့။ ကိုယ်သာ ပြိုင်ဘက်မရှိ ပိုပိုဝလာတာ အဖတ်တင်ပါတယ်။


မနှစ်က ရန်ကုန်ပြန်တော့ အခင်ဆုံးသူငယ်ချင်းက တွေ့တွေ့ချင်းပြောတဲ့ စကားက “You look so Weird” တဲ့ကဲ။ အမေက သူ့သမီးကို အတုလား အစစ်လား သံသယ၀င်သလိုလို ကြည့်များကြည့်သလား ခံစားရတာကြောင့် ဒီနှစ်တော့ မပြန်ခင် လူကြုံ ရှိတိုင်း ဓာတ်ပုံတွေ စီဒီတွေ နဲ့ ထည့်ထည့်ပေးရတာလည်း အမော။ ဒါပေမယ့် တခါထည့်ပေးပြီးတိုင်း ဖုန်းဆက်တိုင်း ကိုယ်ပဲ အသည်းကွဲရပါတယ်ကွယ်။ အို အနည်းဆုံးတော့ လေယာဉ်ပေါ်က ဆင်းဆင်းချင်း သူတို့သိပ် Shock မရသွားဘူးပေါ့လို့။ ကြံဖန်ဖြေသိမ့်ရပါတော့တယ်။

6 comments:

  1. အို... ဘ၀တူတွေပါကွယ်။ ဒီကတောင် သူ့ထက်အများကြီးပိုပါအုံးမယ်။ နဂိုက အရိုးအဆက်က သွယ်သွယ်လျလျမဟုတ်ဘူး ဆိုတော့ ချစ်စဖွယ် ၀လုံးလုံးမဖြစ်ပဲ.. ဂေါ်ဇီလာဖြစ်ဖြစ်လာတယ်။ ပါးကလဲ အရင်ကတည်းကဖောင်းတာ ၀လာတော့
    ပိုဖောင်း။ အချစ်ကပြောတယ် မွန်မျက်နှာက ပူဖောင်းလေးလိုပဲတဲ့။ (စိတ်ထဲကတော့ မိုးပျံပူဖောင်းကြီးလို့ပြောတာနေမယ်)

    ReplyDelete
  2. ဟီး ဟီး နေ့လည်စာက အပြင်စာစားတော့ စားမကောင်းဘူး မမွန်ရဲ့။ ညနေစာကျတော့ မြန်မာစာ ပုန်းရည်ကြီးလေး သုပ်စားတောင် စားကောင်းနေတော့ ဘယ်လိုလုပ်မလဲ။ အဲဒါတွေလည်း ပါတာပေါ့လေ။

    ReplyDelete
  3. စာရေးကောင်းသည်။

    ReplyDelete
  4. ဝမှ လှတာ... စိတ်မညစ်ပါနဲ့ ။ ပြုံးပြုံးလေးနေ ပိုပြီးတော့တောင် ချစ်ဖို့ကောင်းသေး...

    ReplyDelete
  5. အိ>Sin Dan Lar, Thant,
    ကျေးဇူးပါပဲ ၀သောသူကို ကြင်နာလို့ ဟီး ဟီး။

    ReplyDelete
  6. အစ်မစာရေးကောင်းလွန်းလို့..မေက၀ချင်လာတယ်..ဟိဟိ..
    ပြောင်းပြန်..၀မှလှတယ်အစ်မရေ..ဆက်သာဝဗျ..သူငယ်ချင်း
    တစ်ယောက်ကပြောတယ်..အ၀တ်အစားသွားဝယ်ရင်..နင်တို့
    ဆိုဒ်တွေမရှိဘူးပြောခံရမှပဲဝနေမှန်းကိုယ့်ကိုကိုယ်သတိထားမိ
    တယ်တဲ့..ဘာပဲဖြစ်ဖြစ်မေ့သူငယ်ချင်းတွေအားလုံး၀၀လေးတွေ
    ကြီးပဲ..အားမငယ်နဲ့..ဟိဟိ

    ReplyDelete