Sunday, September 6, 2009

Back from Virtual World

ဂိမ်းတွေကို မဆော့တော့ပါဘူးလို့ အကြိမ်ကြိမ် ဆုံးဖြတ်တယ် အကြိမ်ကြိမ် ပြန်ဆော့တယ်။ အကျင့်ကို မကောင်းဘူး။ ညနက်နက်သွားလို့ ရုံးနောက်ကျတာလဲ ခဏခဏ။ မန်နေဂျာက သဘောကောင်းလို့သာ တော်တော့တယ်။ သဘောကောင်းဆို သူ့မိန်းမကလည်း ကိုယ့်ဆော့တဲ့ဂိမ်းဆော့သကိုး။ ငါ့မိန်းမကို Add လိုက်ပါဦး ဆိုတော့ ကိုယ်က ဆန့်ငင် ဆန့်ငင်ဖြစ်သွားတယ်။ ညည ဂိမ်းတွေဆော့ပြီး နောက်နေ့ MC ယူရင် မိတော့မှာကိုး။ အဲဒါနဲ့ သူ့မိန်းမရှိတဲ့ ဂိမ်းတစ်ခုတည်း မကစားတော့ပဲနဲ့ Face Book မှာ ဂိမ်းတွေ ဖြန့်ကစားရတယ်။ တမျိုးတည်း ဖိကစားနေရင် ရိပ်မိမှာစိုးလို့။ အလုပ်ကောင်းတွေ လုပ်နေတာ။

အွန်လိုင်းဆော့တဲ့ အပြင် Virtual Family နဲ့ ကလေးတွေမွေးထားသေးတယ်။ အစားအသောက်ဝယ်ပေးရ။ အိမ်ကို ပြုပြင်ရ မွေးထားတာတွေ နေမကောင်းရင် ဆေးကုရ။ စာလုပ်ကြရင် လိမ္မာရင် ချီးကြူးရ။ မတော်တာလုပ်ရင် ဆုံးမရ။ ဟိုဟာ ဒီဟာ ၀ယ်ပေးရ။ ခြံရှင်းရ ခြံထဲက Collectables တွေ လိုက်ကောက်ရောင်းရ အိုအလုပ်ကို ရှုပ်နေတာပါပဲကွယ်။

ယောက်ျားကလည်း သိပ်ကြည့်မရတော့ဘူး။ စနေတနင်္ဂနွေဆို ဂိမ်းထဲက မထွက်လို့။ သူငယ်ချင်းတွေဆိုလည်း ဖုန်းပြောဖို့တောင် သိပ်စိတ်မပါ။ ဂိမ်းထဲမှာပဲ ဘ၀ကြီးကို နှစ်ထားသလို ဖြစ်နေလို့ သူငယ်ချင်း အရင်းခေါက်ခေါက်တွေလည်း ဆဲကုန်ကြပြီ။ ဒါလည်း ဆော့တာပဲ။ ဟိုနားဒီနား သွားဖို့ အပြင်ထွက်ဖို့တောင် စိတ်မကူးနိုင်။ စိုက်ထားတဲ့ အခင်းတွေ ပျက်စီးကုန်မယ်။ သူများခြံမှာ အငှားလိုက်လုပ်မှ ပွိုင့်က မြန်မြန်တက်မှာ မွေးထားတဲ့ Pet ကို ပစ္စည်းများများ ၀ယ်ပေးနိုင်အောင် များများဖိဆော့မှ။ စားသောက်ဆိုင်ကလည်း ပစ်ထားလို့ မရဘူး။ အလုပ်သမားတွေ Energy ကျကုန်ရင် ပစ်လဲကုန်ကြမှာ။ အို အရူးတပိုင်းကို ဂိမ်းကိုဆော့နေတာ။ သတင်းပလင်း ဘလော့ဂင်းလည်း ပစ်သာထား ဂိမ်းကို အရင်ဖွင့်ရမှ။

အကျိုးဆက်ကတော့ ရုံးမှာလည်း တနေကုန်ထိုင် အိမ်ပြန်ရောက်လည်း ဆက်ထိုင်နဲ့ လူက လေးလံကိုက်ခဲ ညောင်းညာလာတာပဲ။ အမယ်ကြီးအိုလို ဟိုနားက ကိုက်သလိုလို ဒီနားက နာသလိုလို။ ခေါင်းကိုက်တတ်တဲ့ အကျင့်လည်း ရလာတယ်။ မျက်လုံးကလည်း ပိုမှုန်လာတယ်။ အထိုင်များတော့ ၀မ်းကလည်းချုပ်။ မီးချောင်းအောက်မှာပဲ နေတာများတော့ မျက်လုံးကလည်း အလင်းရောင် မကြည့်နိုင်။ အပြင်လောကနဲ့ အထိအတွေ့နည်းလာတော့ နေနည်းနည်းပူလည်း မခံနိုင် လေနည်းနည်းတိုက်လည်း ချမ်းစိမ့်စိမ့်။ မိုးနည်းနည်းများမိရင် ဟပ်ချိုးကအရင်။

မဖြစ်တော့ဘူး ဒီအတိုင်းဆို မဖြစ်တော့ဘူး။ စိတ်ကတော့ သိနေလည်း လူကကွန်ပျူတာနားက မခွာနိုင်။ ခန္ဒာကိုယ်က လုံးဝငြင်းဆန်မှပဲ ရပ်ဖြစ်တော့တယ်။ လူက ဘယ်အရပ်ဒေသရောက်ရောက် အိပ်တယ်။ ရထားပေါ်မှာ မှတ်တိုင် အမြဲကျော်ကျော်ပါတယ်။ ကားဆို အင်တာချိန်းရောက်မှပဲ ဆင်းတာများတယ်။ ရုံးကပြန်လာလို့ လွယ်အိပ်ပစ်ချပြီးရင် လူပါ အ၀တ်အစားတောင် မလဲနိုင်ပဲ အိပ်ပျော်သွားတဲ့ နေ့တွေတောင် ရှိလာတယ်။

အဲလို ဂိမ်းနဲ့ နည်းနည်းဝေးသွားပြီး နည်းနည်း လူနဲ့သူနဲ့ ပြန်တူလာမှ ကမ်းခြေဘက်ကို တရက် စက်ဘီးနဲ့ ထွက်ဖြစ်ကြတယ်။ အိုးလောကကြီးက ထူးဆန်းနေသလိုပဲ။ ပင်လယ်နဲ့ ရေနဲ့ သစ်ပင်နဲ့ ကမ်းခြေနဲ့ ရေလှိုင်းနဲ့ သဲပြင်နဲ့ မြက်ခင်းနဲ့။ ပြတင်းပေါက်က အပြင်ကို ကြည့်တော့လည်း နေရောင်နဲ့ မိုးရေ နဲ့ သစ်ပင်နဲ့ ငှက်တွေနဲ့ တိမ်တွေနဲ့ လရောင်နဲ့ ။ငါစနေ တနင်္ဂနွေတောင် ဒါတွေနဲ့ စိတ်အပန်းဖြေဖို့ အချိန်မရပဲ ဘာတွေလုပ်မိနေပါလိမ့် တွေးမိတယ်။ လူလည်း ချည့်နဲ့နေပြီ။

ဂိမ်းမင်းကိုတော့ တော်ဦးမှလို့ တွေးမိတယ်။ ကိုယ့်ဘလော့ကို ကိုယ်ပြန်လာလည်တယ်။ မဖတ်လိုက်ရတဲ့ ဘလော့အကြွေးတွေ လိုက်ဖတ်တယ်။ မနက်ဖြန်ဆို သူငယ်ချင်းတစ်ယောက်အိမ်ကို သွားလည်မယ်။ ၀င်းဒိုးရှော့ပင်းလည်း ထွက်ဦးမယ်။ ဘုန်းကြီးကျောင်းလည်း ကျောင်းဝယ်ဖို့ အလှူငွေ သွားထည့်ဦးမယ်။ မနက်စာကို အိမ်ရှိလူကုန်ကို နို့စိမ်းခေါက်ဆွဲ ချက်ကျွေးဖို့ အကုန်ပြင်ဆင်ထားတယ်။ ပနစူလာကိုလည်း အဆင်ပြေရင် လက်ဖက်လေးဘာလေး သွားဝယ်ဦးမယ်။ အပြင်ကို သိပ်ထွက်ချင်တဲ့ အိမ်ကလူကြီးကတော့ ပျော်မြူးနေလေရဲ့။ Virtual World မှ တခေါက်အပြန် ပေါ့ကွယ်။