Wednesday, July 14, 2010

တူပေမယ့် မတူတဲ့ မတူပေမယ့်လည်း တူတဲ့ ...

ကဲမမွန်ရေ ... တူလားဆိုလည်း မတူဘူးလေ။ မတူဘူးလား ဆိုလည်း တူလို့ပေါ့လို့ ဂွဖြေရမယ်ထင်တယ်။ မန္တလာသားနဲ့ ရန်ကုန်သူ ဘယ်လိုများ တူနိုင်မလဲနော်။ ကိုယ်မုန့်ဟင်းခါးချက်ရင် သူမကြိုက်။ သူ့နွားနို့ခဲချက် ကိုယ်မစား။ ဒါမျိုးက ငြိမ်းချမ်းစွာ ပြေလည်လိုက်လို့ရတယ်။ မပြေလည်ပဲ ဆူညံဆူညံဖြစ်ရတာလည်း ခဏခဏပေါ့။ သူက ကိုယ့်လို ပွစိပွစိ မလုပ်တတ်တာတော့ ကျေးဇူးတင်ရတယ်။ မဟုတ်ရင် ထသတ်ကုန်မှာကိုး။

ဂျစ်တူးတူး ပေတုံးတုံးနဲ့ လူတွေကို သိပ်ဂရုမစိုက်တတ်တဲ့ အကျင့်လေးတွေကျတော့လည်း တူပြန်ရော။ ခေါင်းမာမာနဲ့ လုပ်ချင်ရာ စွတ်လုပ်တတ်တာချင်းကြတော့လည်း လက်ဝါးချင်းရိုက်ထားသလား မှတ်ရတယ်။ စာအုပ်မြင်ရင် ဆပ်စလူးထပြီး နန့်နန့်တက် ၀ယ်ချင်တာချင်းလည်း တူတယ်။ ပန်းချီဆွဲတာ ၀ါသနာပါတာချင်းလည်းတူတယ်။

စာကြည့်တိုက်သွားပြီး ငှားခါနီးကျ လေးအုပ်ချင်း ခွဲတမ်းချထားရဲ့သားနဲ့ တစ်ယောက်နဲ့ တစ်ယောက်ဈေးဆစ်တတ်တာချင်းလည်း တူတယ်။ အ၀တ်အစားဝတ်ရင် Trend တွေနောက် မလိုက်ပဲ ကိုယ်နဲ့ နေလို့ထိုင်လို့ အဆင်ပြေတာ ရွေးတတ်တာချင်းလည်းတူတယ်(ဈေးသက်သာတာလည်း ပါတာပေါ့လေ) ။

စားသောက်စရာ ဈေးဝယ်ထွက်တာ ၀ါသနာပါတာချင်းလည်း တူတယ်။ သူငယ်ချင်းတွေကို ချက်ပြုတ်ကျွေးမွေးချင်တာ သူငယ်ချင်းမင်တတ်တာချင်းလည်း တူတယ်။ ရေနွေးကြမ်းကြိုက်တတ်တာချင်းတူတယ်။ ကာတွန်းကား Animation တွေ ကြိုက်တတ်တာချင်းတူတယ်။ ကွန်ပျူတာတွေ Gadget တွေ မက်တတ်တာချင်းလည်း တူတယ်။

သီချင်းတွေကြိုက်တတ်တာ တူတယ်။ ကြိုက်တဲ့သီချင်းတွေတော့ အကုန်မတူလေ။ ကိုယ်က သူ့ခေတ်သီချင်းတွေ ကြိုက်နိုင်ပေမယ့် သူက ကိုယ်နားထောင်တဲ့ သီချင်းတွေ မခံစားနိုင်ရှာ။ အသက်က စကားပြောတယ်လေ။ ဟက်ဟက်။

သူက စိတ်ပေါ့ပါး အေးဆေး အကောင်းမြင်တတ်သလောက် ကိုယ်က စိတ္တဇ နဲ့ တစ်တီတူး တပိုင်းဖြစ်နေတာကျ မတူပြန်။ သူအအိပ်မက်သလောက် ကိုယ်က ညမအိပ်ရလည်း ပြသနာမရှိတာကျ မတူ။ သူတီဗီကြိုက်သလောက် ကိုယ်က ဆယ့်ငါးမိနစ်လောက်မှ ငြိမ်ငြိမ်မကြည့်နိုင်ဘူး။ ကိုယ်ဖုန်းပေါ်မှာ ကုတ်ခြစ်ပြီး စာဖတ်နိုင်ပေမယ့် သူက ကွန်ပျူတာနဲ့တောင် စာမဖတ်လို။ စာအုပ်ကိုင်ဖတ်ရမှ အရသာရှိသတဲ့။

အမုန်းဆုံး မတူတဲ့ အချက်ကတော့ Metabolism Rate။ မုန်းထှာ။ သူက အဆီတက်မယ့် အစာတွေ စားသလောက် ဘယ်တော့မှ မ၀။ ကိုယ့်မှာတော့ အစားဆင်ခြင်ရသလောက် လေ့ကျင့်ခန်းကိုလည်း မရပ်ရဲ။ အပြင်များ သွားရလို့ အလုပ်များများလို့ Jogging လေးရပ်လိုက်တာနဲ့ ။ အဆီက တက်ချင်ပြီ။

ကိုယ်က အ၀တ်အစားတွေဝယ်ထား မတော်တော့တာက များ။ ခဏခဏ ပေးပစ်ရ အသစ်ဝယ်ရ။ သူက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ရှေးဟောင်းအ၀တ်အစားတွေပါ ဘီရိုနဲ့ တစ်လုံး မြတ်မြတ်နိုးနိုးသိမ်းဆည်းထား။ သူနဲ့က မတော်တော့ဘူးဆိုတာ ဘယ်တော့ကမှမရှိတာကိုး။

ပစ္စည်းပစ္စယ သေးသေးမွှားမွှားတွေဆို သူက ယုယုယယသိမ်း။ ကိုယ်က ဖြစ်ကတတ်ဆန်း။ သူက နွေးတဲ့အရောင်တွေကြိုက် ကိုယ်က အစိမ်းက ပထမ နောက်မှ တခြား မျက်လုံးအေးမယ့် အရောင်တွေ။ အနီ လိမ္မော် အ၀ါဆိုတာ ကိုယ့်ရွေးချယ်စာရင်းထဲမှာ ဘယ်တော့မှ မပါလေ။ အိမ်သုံးပစ္စည်း တခုခုများ အနီရောင် လိုချင်တယ်ဆို ငြင်းရပြီ။ တခါတလေတော့လည်း Contrast Colour နှစ်ခုကိုမှ တိုက်တိုက်ဆိုင်ဆိုင် လာကြိုက်နေကြတော့လည်း သူကြိုက်တာလေးလည်း ၀ယ်ပါစေလေ စိတ်လျှော့လိုက်ရတာပဲ။


တူပြီးမတူတဲ့ မတူပြီးတူတဲ့ ဒေါ်ပြာသိုနဲ့ ဦးဝါဆိုရဲ့ ညှိယူရတာတွေ အလျှော့ပေးလိုက်ရတာတွေ ကတော့ သူရော ကိုယ်ရော ရှိမှာပါပဲ။ တစိမ်းနှစ်ယောက်ကနေ တယောက်ကို တယောက် သည်းခံနိုင်မယ် ရင်ခုန်သံချင်း တူတယ် ယုံလို့ ပေါင်းခဲ့ကြတာမို့ ကဲ ပျော်ရွှင်စွာ ငြင်းခုန် ရန်ဖြစ်ရင်းဖြင့်ပေါ့ကွယ်။ ရလဲ့...