Friday, June 19, 2009

အလုပ်သစ် တဲ့ အလုပ်သစ်

ရုံးအသစ်ကိုရောက်နေတာ သုံးပါတ်ပြည့်ပါပြီ ဒီနေ့နဲ့ဆို။ ရုံးအသစ်က ယိုးဒယားဈေးလို့ပြောကြတဲ့ ဂိုးလ်းဒင်းမိုင်းလ် အပေါ်ထပ်မှာမို့လို့ အရင်ရုံးလို ရထားပေါ်ကဆင်းတာနဲ့ မရောက်တာ တကြောင်း အိမ်နဲ့ပိုလှမ်းလို့ စောစောထရတာ တကြောင်း ညဘက်ဆို မျက်လုံးက ဘယ်နှယ့်မှ တောင့်မခံနိုင်ပဲ အိပ်ချင်တာ တကြောင်း ကွန်ပျူတာကို ဖော်မတ်ပြန်ချလိုက်လို့ Font မသွင်းရသေးတာ တကြောင်းနဲ့ ဘလော့ဂ်လေးကို ပစ်ထားရပါတယ်။
အရင်ရုံးတုန်းက ကိုယ့်LapTopလေး ရုံးကိုသယ်သွားတော့ အလုပ်ထွက်ချိန်မှာ အရင်ရုံးက အမှတ်တရတွေ ဘာမှ မကြည့်ချင်တာနဲ့ Personal ဖိုင်တချို့ သိမ်းပြီးတာနဲ့ စက်ကိုစိတ်နာနာနဲ့ ဖော်မတ်ချပစ်လိုက်တယ်။ ဘာမှလည်း ဆိုင်တော့ မဆိုင်ဘူး။ အဲလိုပဲ တခါတလေလည်း လူက အူကြောင်ကြောင်။ အလုပ်တွေ ရှုပ်တာပေါ့ အလကားနေရင်း အလကား။
အလုပ်အသစ်မှာတော့ သူဌေးအသစ်က LapTop အသစ်လေး တလုံး ၀ယ်ပေးပါတယ်။ ခက်တာက သူက ဗစ်စတာမှဗစ်စတာ ဖြစ်နေတာပဲ။ ပိုက်ဆံပေးဝယ်ရတာချင်းတူတူ XP ဆိုမတန်ဘူးများ ထင်လို့လားမသိ။ ကိုယ်ကလည်း အိမ်က ဗစ်စတာ တစ်လုံးတောင်မှ မသုံးတတ်လို့ အိမ်ကလူက ပါတီရှင်းခွဲပြီး XP ထည့်ပေးထားရတာ။ ငါ့ကွန်ပျူတာပဲ ငါသုံးမယ်လို့လည်း မရ။ ဒီလိုနဲ့ပဲ ဗစ်စတာနဲ့ပဲ နပမ်းသတ်ပြီး ခုတော့လည်း နည်းနည်းရလာပါပြီ။ အထားအသိုတွေက ပြောင်းနေတော့ ကိုယ်လုပ်ချင်တာ လိုက်လိုက်ရှာရတာကိုက အလုပ်တစ်ခု။
Microsoftက နောက်ထပ် အသစ်ထုတ်ရင် XP ကိုအခြေခံတဲ့ ဟာမျိုး ထုတ်မယ်လို့ အိမ်ကလူတွေ ပြောနေကြတာ နားစွန်နားဖျား ကြားတာပဲ။ သာဓုပါတော် သာဓုပါ။ တောကျတယ်ပဲ ဆိုဆို ဗစ်စတာကို မကျွမ်းကျင်ဘူး။ အဆင်အပြင်လေးလှပေမယ့်လို့ လုပ်နေကျဟာနဲ့ သက်သက်ခွဲထွက်သွားသလိုပဲ။
ရုံးအသစ်လည်းဖြစ် ထုံးစံအတိုင်း လူဟောင်းချန်သွားတဲ့ အလုပ်ဟောင်းကြွေးကျန်တွေကို ထိုင်ရှင်းနေရတဲ့အချိန်၊ ကိုယ်ကြိုက်တဲ့ ပုံစံပြန်ဖြစ်အောင် Filingကအစ ပြန်လုပ်နေချိန်၊ အဟဲ သူဌေးအသစ်ရှေ့မှာ အလုပ်ကြိုးစားပြနေရတဲ့ အချိန်လည်းဆိုတော့ ယားရင်တောင် မှတ်လာရတယ် အဟဲ။ လကုန်ရင် ၁၃လစာပေးမယ်ဆိုလို့ ကြိုးကြိုးစားစား ဖိုးသခွားလုပ်နေရတာပေါ့။
သူဌေးအသစ်က မဆိုးရှာပါဘူး အစမ်းခန့်မထားပဲနဲ့ တခါတည်းခန့်မယ်တဲ့ အဲဒါဆို ဂျွန်လကုန် ၁၃လစာပေးရင် ရအောင်လို့တဲ့။ တခုကတော့ ပုံမှန်အတိုင်း အစမ်းခန့် မရှိတော့တဲ့အတွက် သုံးလပြည့်ရင် လစာကို ပြန်မညှိတော့ဘူးတဲ့။ Annual Increment ပဲရှိတော့မယ်တဲ့။ ကိုယ်လည်း ၁၃လစာ လိုချင်တာနဲ့ ခေါင်းညိတ်လိုက်ရော။ အိမ်ကျတော့မှ ငတုံးရဲ့တဲ့ အခုမှဝင်တဲ့ လူကို၁၃လစာပေးလည်း ဘယ်သူက အပြည့်ပေးမှာလဲတဲ့ အခုမှ အလုပ်ဝင်တာ တစ်လရှိသေးတာ ၁၂လနဲ့စားပြီးမှ ပေးမှာပေါ့တဲ့။ အဟီး ညံ့တာ ဟုတ်ပ ငါ့နှယ့်ပေါ့။ အဲဒါနဲ့ ပေါက်တဲ့ နဖူးမထူးပါဘူးဆိုပြီးတော့ သူဌေးများ စိတ်ပြောင်းပြီး တလစာ အပြည့်ပေးလို့ ပေးညား အလုပ်ကြိုးစားနေရတာပေါ့။
ဒါပေမယ့် တခုကောင်းတာက ညနေပြန်ရင် ယပလက်ဈေးကနေ ဇရစ်ရိုးလေး ၀ယ်လာလိုက် အချဉ်ဆီပြန်ချက်လေး ချက်စားလိုက်၊ ဆူးပုပ်ရွက်လေး ကြက်ဥနဲ့ကြော်လိုက်၊ ရှမ်းနံနံလေး နဲ့ ငါးအိုးကပ်လေး ချက်လိုက်နဲ့ စမတ်ကို ဂွမ်နေတာပဲ။ ကြက်ဖင်ဆီဗူးဆိုလည်း ဒီစလုံးမှာ အဲဒိ ယပလက်ဈေးပဲ တွေ့ဖူးတာ။ ဒါလည်း အဂျစ်က ကြိုက်တယ် တခါတလေ ၀ယ်ကျွေးရတယ်။ ကျန်းမာရေးနဲ့ မညီမှန်းသိပေမယ့် တခါတလေတော့ စားပါစေပေါ့။ အမှန်က ကိုယ်က ပိုကြိုက်တာ။ ကိုယ့်ရုပ်ကိုယ်ကြည့်ပြီး လန့်လန့်လာလို့ လျှော့နေရတယ်။
နေ့ခင်းဘက် ထမင်းထွက်စားလည်း ဂိုးလ်ဒင်းမိုင်းလ်မှာ ကြွက်လိုပဲ မြေပေါ်မြေအောက် ဟိုဘက်လမ်း ဒီဘက်လမ်း အထပ်နှံအောင် ဆိုင်တကာရှာပြီး လိုက်စားကြတယ်။ များသောအားဖြင့်ကတော့ ရိုးရိုးစားနေကျ အရသာပါပဲ။ အမယ်နည်းနည်းပိုစုံတာပေါ့။ ထမင်းဆိုင်လေး သုံးလေးခု ရှိတဲ့ ရုံးဟောင်းကနေ ဆိုင်တွေအများကြီး ရှိတဲ့နေရာရောက်လာတော့ အငတ်ကြီးလိုပဲ ဟိုဟာလည်း စားချင် ဒီဟာလည်းစားချင် ဖြစ်နေတယ်။ သရက်သီးစိမ်းလည်း လွယ်လွယ်ဝယ်လို့ ရနေတော့ မုန့်ဘိုးကတော့ တော်တော်ကုန်တယ်။ အရင်က တနေ့ကို တစ်ဆယ် သုံးဖို့ ဘက်ဂျက်မှာ ရာထားရင် အဲဒိပိုက်ဆံထဲက ကားကဒ် ဖြည့်လို့ရသေးတယ်။ ခုက ထမင်းဘိုးမုန့်ဘိုးနဲ့ကို မလောက်တော့တာ။ ဒါတောင် ရုံးအသစ်မှာ သူဌေးက မကြာခဏဆိုသလို တရုံးလုံးစာ နေ့လည်စာ ၀ယ်ဝယ်လာကျွေးလို့။ မဟုတ်ရင် မလွယ်ဘူး။